လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, May 13, 2009

ကျနော်လေ့လာရတဲ့ ဘာသာရပ်များ (အပိုင်း -၂) သိမှုဗေဒ (Epistemology)

အခုအပိုင်းမှာ ဆက်ပြီးတော့ ဒဿန (Philosophy) မှာ ကျန်နေသေးတဲ့ သိမှုဗေဒ (Epistemology) နှင့် ပက်သက်ပြီး တင်ပြသွားမှာပါ။ သိမှုဗေဒ (Epistemology) ဟာ အသိဥာဏ်နှင့် ပက်သက်တဲ့ မေးခွန်းတွေ မေးပါတယ်။ ဥပမာ - ကမ္ဘာပေါ်မှာ ချောင်း၊ မြစ်၊ တော၊ တောင်၊ အိမ်၊ ကျောင်း စသဖြစ် အရာဝတ္ထုတွေ တည်ရှိနေတာ လူသားတွေ ဘယ်လိုသိသလဲ? သာမန်လူတွေအနေနဲ့ကတော့ “သိတာပေါ့ ကျနော်တို့ မြင်နေရတာ၊ ကြားနေရတာ၊ ထိနေရတာဟာ” စသဖြင့်ဖြေလိမ့်မည်။ သာမန်လူတွေကတော့ အာရုံငါးပါးမှတဆင့် ရလာတဲ့ အသိဥာဏ်ကို လက်ခံကြတယ်။ ဒါပေမယ့် ဒဿနဆရာတွေကြတော့ ဒါကိုလက်မခံဘူး။ အာရုံငါးပါးမှ ရတဲ့ အသိကို ၄င်းတို့က ပြန်လည် စမ်းစစ်မှုမရှိသေးတဲ့ သာမန်အသိ (Commonsense Believe) လို့ခေါ်ကြပါတယ်။ သိမှုဗေဒ (Epistemology) မှာ အခက်ဆုံးမေးခွန်းတခုက “တစုံတခုတည်ရှိနေတယ်လို့ သိတယ်ဆိုတာ ကျနော်တို့ ဘယ်လိုလုပ် သိလဲ?” ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ဥပမာ ကျနော်အရှေ့မှာ အခု ကွန်ပျူတာရှိတယ် ဆိုပါစို့။ အဲဒါကို သိတယ်လို့ ကျနော့်ကိုကျနော်ထင်နေတယ်။ သိမှုဗေဒက အဲဒီလို ကျနော့်ရှေ့မှာ ကွန်ပျူတာရှိနေတယ်လို့ သိနေတာကို ကျနော်ဘယ်လိုသိသလဲ။ သူလို့ဆိုလိုတာက အာရုံငါးပါးကနေ သိတာလား ဒါမှမဟုတ် တခြားနည်းလမ်းမှ တဆင့်သိတာလား။

(Epistemology) သိမှုဗေဒမှာလည့် အာရုံငါးပါးကို လက်ခံတဲ့အုပ်စုနှင့် လက်မခံတဲ့အုပ်စုဆိုပြီး ဂိုဏ်းတွေ ကွဲနေပြန်တယ်။ အာရုံငါးပါးကို သူတို့လက်မခံတဲ့ ၀ါဒကို ဆင်ခြင်တုံဝါဒ (Rationalism) လို့ ခေါ်ပါတယ်။ ၄င်းတို့က လူသားတို့ရဲ့ အာရုံငါးပါးဟာ တခါတရံ လူသားတွေရဲ့ အသိစိတ်ကို လှည့်စားတယ်။ ဒါဆိုယင် တခါလှည့်စားတဲ့ အဲဒီအာရုံငါးပါးဟာ အမြဲတမ်းလှည့်စားနေတာကော မဖြစ်နိုင်ဘူးလား? ဒါဆိုယင် အခုကျနော်တို့မြင်နေရတဲ့အရာကကော တကယ်တည်ရှိရဲ့လား? ကျနော်တို့ အာရုံက အသိစိတ်ကို လှည့်စားနေတာ မဖြစ်နိုင်ဘူးလား? အာရုံငါးပါးဟာ အသိစိတ်ကို လှည့်စားနိုင်တဲ့အပြင် အဲဒီအာရုံခံစားချက်တွေဟာ အချိန်အခါအလိုက် ပြောင်းနေတာပဲ။ ဥပမာ နံနက်စောစောပိုင်းမှာ မျက်ပင်တွေကို အစိမ်းနက်ရောင်လို့ အာရုံက အသိစိတ်ကို ဖြစ်ပေါ်စေတယ်။ နေ့လည်ပိုင်းကျတော့ အစိမ်းဖျော့ရောင်လို့ အာရုံက အသိစိတ်ကို ဖြစ်ပေါ်စေတယ်။ ဒါဆိုရင် မျက်ပင်ဟာ ဘာအရောင်လဲ? သာမန်လူတွေကတော့ နေ့လည်ပိုင်းမှာ နေအပူရှိုန်ကြောင့် မျက်ပင်ဟာ အရောင်ပြောင်းသွားတာလို့ ငြင်းချက်ထုတ်လိမ့်မည်။ ဒါပေမယ့် ဒဿနဆရာတွေက ဒါကိုလက်မခံဘူး။ ကျနော်တို့ အာရုံငါးပါးမှ တပါးဖြစ်တဲ့ မျက်စိသာ အမှန်တရား တသိတရားကို ရစေမယ်ဆိုလျှင် မျက်ပင်ဟာ အစိမ်းနက်ရောင်ကော အစိမ်းဖျော့ရောင်ပါ ဖြစ်နေပါတယ်။ ဒါကိုတနည်း ပြန်ပြောမယ်ဆိုယင် အစိမ်းနက်ရောင်ဟာ အစိမ်းနက်ရောင်မဟုတ်ဘူးလို့ ပြောနေတာနဲ့တူပါတယ်။ တနည်းအားဖြင့် “(က) ဟာ (က) မဟုတ်ဘူး” ပေါ့။ အဲဒီလို အာရုံငါးပါးမှတဆင့် ရတဲ့အသိတရားမှာ အတွင်းပဋိပက္ခ (Self-contradiction) တွေ ရှိနေတာကြောင့် ဆင်ခြင်တုံအဖွဲ့က လက်မခံခြင်းဖြစ်တယ်။

ဒီဆင်ခြင်တုံဝါဒီ (Rationalists) တွေ အမှန်တရားကို ရှာဖွေရာမှာ အာရုံငါးပါးကို မယုံကြည်ဘူးဆိုလျှင် သူတို့ က အမှန်တရားကို ဘယ်ကစရှာကြသလဲ? ဒီဝါဒီတွေက အမှန်တရားရှာဖွေရာမှာ အာရုံငါးပါးအစား ဆင်ခြင်တုံတရားကို သုံးမှ ထာဝရအမှန်တရားရနိုင်မည် လို့ဆိုကြပါတယ်။ သူတို့ရဲ့နည်းလမ်းဟာ သင်္ချာသဘောတရားနှင့် ယုတ္တိဗေဒ (Logic) တွေကို သုံးခြင်းဖြင့် ထာဝရအမှန်တရား ရှာဖွေမည်ဖြစ်သည်။ ဆင်ခြင်တုံဝါဒီအယူအဆအရ အမှန်တရားဟာ ထာဝရအမှန်တရား Necessary Truth နှင့် ယာယီသဘောဆောင်တဲ့ အမှန်တရား Contingent Truth ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဥပမာ “ကျည်းကန်းသည် မဲနက်သော အရောင်ရှိသည်” ၀ါကျသည် အမှန်တရားဖြစ်သည်။ သို့ရာတွင် နောင်တချိန်မှာ ချားစ်လ်ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ် (Evolution) သဘောတရားအရဖြစ်စေ၊ တခြားအကြောင်းအရာ တခုခုကြောင့်ဖြစ်စေ ကျည်းကန်းရဲ့အရောင်ဟာ ပြောင်လဲနိုင်တဲ့ သဘောရှိတဲ့အတွက် “ကျည်းကန်းသည် မဲနက်သော အရောင်ရှိသည်” ဆိုတဲ့ ကျနော်တို့ မျက်စိနဲ့မြင်တဲ့ အမှန်တရားဟာ မှားသွားနိုင်သည့် သဘောရှိသည်။ အဲဒီလို အာရုံငါးပါးမှတဆင့်ရရှိတဲ့ အသိကို ဆင်ခြင်တုံဝါဒီတို့က Contingent Truth လို့ခေါ်ကြသည်။ “၁+၁=၂” ဒါမှမဟုတ် “မျဉ်းပြိုင်နှစ် ဘယ်တော့မှ မဆုံနိုင်” ကဲ့သို့ သင်္ချာသဘောတရားနှင့် ယုတ္တိဗေဒ နည်းလမ်းတွေသုံးပြီး ဆင်ခြင်ခြင်းမှရလာတဲ့ အသိတရားတွေကြတော့ ဘယ်သောအခါမှ မပြောင်းလဲနိုင်တဲ့အတွက် ဒီလိုအမှန်တရားတွေကို Necessary Truth လို့ ဆင်ခြင်တုံဝါဒီတို့က ဆိုကြသည်။ ဒါဆိုလျှင် အရာတိုင်းကို ဘယ်လိုလုပ်ပြီး သင်္ချာသဘောတရားနှင့် ယုတ္တိဗေဒ ပညာရပ်တွေသုံးပြီး အသိတရားရှာနိုင်မလဲလို့ မေးစရာဖြစ်လာပြီး။ ဆင်ခြင်တုံဝါဒီတွေမှာ Deduction နှင့် Intuition တို့ လို သင်္ချာနှင့် ယတ္တိဗေဒ ဆိုင်ရာ နည်းလမ်းတွေ ရှိပါသည်။ (နည်းနည်းရှည်နေမှာစိုးလို့ ဒီနေရာမှာ မရေးသေးပါ။ နောက်အချိန်ပေးလျှင် ယုတ္တိဗေဒ(Logic) အကြောင်းသီးသန့်ရေးပါမည်။)

သိမှုဗေဒ (Epistemology) မှာ တခြား ဂိုဏ်းတခုကတော့ လက်တွေ့အခြေစိုက်ဝါဒ (Empiricism) လို့ခေါ်ပါတယ်။ (လက်တွေ့အခြေစိုက်ဝါဒဆိုတဲ့ ဝေါဟာရဟာ Pragmatism နှင့်တူနေသဖြင့် သတိပြုပါ။ ဒီနေရာမှာ အာရုံငါးပါးမှတဆင့် အသိတရားရှာတဲ့ ၀ါဒကို ဆိုလိုသည်။) လက်တွေ့ဝါဒီတွေဟာ ဆင်ခြင်တုံတရားဖြင့် အမှန်တရားရှာဖွေနိုင်သည် ဆိုတဲ့အယူလို လုံးဝ ဆန့်ကျင်ပါတယ်။ ဒီဝါဒီတွေ ငြင်းချက်ထုတ်ဖို့ သဓကပြတာက လူသားတွေ ကျည်းကန်းကို မျက်စိဖြင့်မမြင်ပဲ ဘယ်လိုလုပ်ပြီး ကျည်းကန်းမဲတာ ဖြူတာကို သိမလဲတဲ့။ ဒီလက်တွေ့အခြေစိုက်ဝါဒကို ဒဿနဆရာ အတော်များများက လက်မခံကြဘါဘူး။ အကြောင်းကတော့ စကြာဝဠမှာ လူသားတို့ရဲ့ အာရုံငါးပါးနှင့် ထိတွေ့မခံစားနိုင်တဲ့ အရာတွေ အများရှိတာကို လူသားတွေ လက်ခံထားလို့ပါ။ ဥပမာ အရာဝတ္ထုတွေရဲ့ ဆွဲငင်အားတို့ ဟာမျိုးဆိုရင် မည်သူမှ အာရုံငါးပါးဖြင့် ထိတွေ့ခံစားနိုင်တာ မဟုတ်သော်လည်း ရှိနေတာကိုတော့ လက်ခံနေကြပေသည်။

သိမှုဗေဒ (Epistemology) ကို တချို့က အမှန်/အသိတရားရှာဖွေရေးသဘောတရား (Theory of Knowledge) လို့လဲခေါ်ကြပါသည်။ ဒီပညာရပ်နှင့် ပက်သက်ပြီးတော့လည်း ပလေတိုတို့ ရှေးခေတ်မှာ ယနေ့ခေတ်အထိ ခေတ်အဆက်အဆက် ဒဿနဆရာ အဆက်ဆက် ညင်းခုံနေကြဆဲဖြစ်သည်။ ကျနော် အချုပ်တင်ပြခဲ့တဲ့ ဆင်ခြင်တုံဝါဒ (Rationalism) နှင့် လက်တွေ့အခြေစိုက်ဝါဒ (Empiricism) အပြင် (Externalism) (Internalism) (Constructivism) (Infinitism) (Foundationalism) (Skepticism) စတဲ့ဝါဒတွေ ဂိုဏ်းတွေ ရှိနေပါသေးသည်။ စိတ်ဝင်စားသူများ ပလေတို၊ ဂျွန်လော့ဂ်၊ အီမန်နူယယ် ခန်း၊ ဒေးဗစ်ဟုမ်း စတဲ့ ဆရာကြီးတွေရဲ့ ဒဿနများကို အသေးစိတ် ဆက်လက်သင့်သည်။ ကျနော်အတွက်တော့ နဲနဲရှုတ်/ခတ် တာကြောင့် လေးလေးနက်နက်တင်ပြရန် မဖြစ်နိုင်တော့ပေ။ PPE လေ့လာမည့် ကျောင်းသားများ ရှောင်လွဲ၍မရသဖြင့် အနည်းအကျဉ်း ကြိုတင်လေ့လာထားသင့်သည်။ နောက်ပိုင်းမှာ ကျင့်ဝတ်(Ethics) အကြောင်းကို ဆက်တင်သွားမည်။ Ethics က လက်တွေ့ပိုဆန်ပြီး ပိုစိတ်ဝင်စားစရာ ကောင်းမည်ဟု ထင်ရသည်။ Ethics ပြီးရင် ဘောဂမှာ သင်ရတဲ့ သဘောတရားအကျဉ်းတွေကို ဆက်တင်သွားမည်။

1 comments:

Unknown August 1, 2009 at 12:25 AM  

ကောင်းပါတယ်....
ယုတ္တိဗေဒနဲ့ပက်သက်ပြီး ဆက်လက်သိချင်စေချင်တာလေးတွေ တင်ပါဦးလို့...
ကျေးဇူးတင်စွာဖြင့်

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP