လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။
Showing posts with label မွန်သမိုင်း. Show all posts
Showing posts with label မွန်သမိုင်း. Show all posts

Monday, June 15, 2009

မွန်နိုင်ငံရေးဖြစ်စဉ် သမိုင်းအကျဉ်း


ရာဇာဝင်နောက်ခံ

လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကျော်ကာလများ၌ မွန်လူမျိုးတို့၏ အကြောင်းအရာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် ပဲခူးနိုင်ငံ (ဟံသာဝတီ) ကောင်းစားခဲ့စဉ်က မည်မျှချမ်းသာကြွယ်ဝသည်ကို ပဲခူးနေပြည်တော်တွင် နေထိုင်ခဲ့သော ဗင်းနစ် (စ) မြို့သား ကျောက်မျက်ရတနာကုန်သည်တစ်ဦး၏ ခရစ်သက္ကရာဇ် ၁၆၀၀-ပြည့်နှစ်တွင် ရေးသားထားသော မှတ်တမ်းမှ ကံအားလျှော်စွာ ခန့်မှန်းနိုင်ပေသည်။ မူရင်းမှာ “သူသည် ဘုရင့်ဘဏ္ဍာတော်များ ထားရှိရာ ရဲတိုက်မြင့်သို့ ရောက်သွားရာ ပစ္စည်းမည်မျှ များပြားသနည်းဟူမူ ဆင်အစီး (၆၀၀) နှင့် ၄င်းအရေအတွက် မြင်းအစီးတို့သည် ရွှေနှင့်အဖိုးတန် ကျောက်မျက်များချည်းကိုပင် သယ်ယူရန် လုံလောက်မည် မဟုတ်သည်ကို တွေ့ခဲ့ရသည်။ ငွေနှင့်အခြားပစ္စည်းများ ရှိသေးသည်ကို တန်ဘိုးထား၍ ကျွန်ုပ်တို့ ထည့်မတွက်သေး” ဟု ဖော်ပြရေးသားထားပေသည်။ (စီးမင်စဲဝဲလ်လီဖရွိုင် ရေးသားသော မြန်မာနိုင်ငံ၏ ပြည်သူများနှင့် မြေ စာအုပ်၊ စာမျက်နှာ ၃၆ မှ ကောက်နှုတ်ချက်)

မွန်တို့သည် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ဖြင့် မြန်မာပြည် အောက်ပိုင်း ရာမညဒေသကို လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်ခဲ့ကြသည်။ အထက် မြန်မာနိုင်ငံကိုမူ မြန်မာမင်းတို့က အုပ်စိုးလျှက်ရှိသည်။ ထိုခေတ်ထိုအခါသည် ပဒေသရာဇ်နယ်ချဲ့စနစ်ကို လက်ကိုင်ပြုသောခေတ်၊ မိမိ၏ အာဏာစက်အောက်သို့ အခြားသော ထီးဖြူဆောင်းမင်းတို့ကို သိမ်းသွင်း၍ အုပ်စိုးသောခေတ် ဖြစ်သည်။ ယင်းတို့ကြောင့် ဟံသာဝတီမွန်နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်မင်းလုပ်ခဲ့ကြသည့် ဝါရီရူမင်းအဆက်အနွယ် ဗညားဒလသည် အင်းဝတွင် စိုးစံသော မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်တွင် နိုင်ငံအားပျော့မှုကို အခွင့်ကောင်းယူ၍ အင်းဝ တစ်နိုင်ငံလုံးကို ခရစ်သက္ကရာဇ် ၁၇၅၁-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၁၁၃-ခုနှစ်၊ တန်ခူးလ္ဆန်း (၈) ရက်နေ့တွင် သိမ်းပိုက်လိုက်သည်။ မြန်မာတို့သည် မိမိတို့၏ နယ်မြေဆုံးရှုံးသည်ကို ဦးအောင်ဇေယျ ခေါင်ဆောင်မှုအောက်တွင် မွန်တို့ကို တော်လှန်ပုန်ကန်ကြပြန်သည်။ ခရစ်သက္ကရာဇ် ၁၇၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၁၁၅-ခုနှစ်တွင် အင်းဝမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြပြီး ထိုမှတစ်ဆင့် ဆက်လက်တိုက်ခိုက်ကြရာ ခရစ်သက္ကရာဇ် ၁၇၅၇-ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၁၁၉-ခုနှစ်၊ ကဆုန်လဆုတ် (၈) ရက်နေ့တွင် ဟံသာဝတီနိုင်ငံကို လက်အောက်ခံနိုင်ငံအဖြစ် ပဒေသရာဇ်နယ်ချဲ့စနစ်အရ သွတ်သွင်းလိုက်သည်။ ဤတွင် မွန်တို့၏ မြို့တော်ဟံသာဝတီသည်လည်း ပျက်စီးခဲ့လေသည်။ သူ့ကျွန်မခံလိုသော သန်းပေါင်းများစွာသော မွန်တို့သည် ထကြွပုန်ကန်ကြပြီး တနသာင်္ရီတိုင်း၊ သထုံနယ် တလျှောက် နှင့် ယိုးဒယားပြည်သို့တိုင်အောင် ဇွဲနဘဲကြီးစွာဖြင့် ခုခံဆုတ်ခွါခဲ့ကြရသည်။ မွန်လူထုကြီး တစ်ရပ်လုံးသည် မိမိတို့၏ နောက်ဆုံးဘုရင်ဖြစ်သော ဗညားဒလ ကျဆုံးစေကာမူ မိမိတို့၏ အချူပ်အချာအာဏာပိုင်မှုကို နှုတ်အားဖြင့်လည်းကောင်း၊ စာချုပ်အားဖြင့် လည်းကောင်း၊ မည်သူကိုမျှ ကတိပြု လက်မှတ်ရေးထိုးပြီး လွှဲအပ်ခြင်း မပြုခဲ့ပေ။ သို့သော် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရူံးကာ အခြားလူမျိုး လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ဤသို့ ကျရောက်ခဲ့သော်လည်း ကျွန်ဘဝအဖြစ် ခေါင်းငုံ့မခံလိုသော မွန်တို့သည် မွန်မျိုးချစ်ခေါင်းဆောင် ဖြစ်သည့် စစ်သေနာပတိ တလဗန်း၏ ခေါင်းဆောင်မှုအောက်တွင် ထကြွပုန်ကန်ခဲ့ကြသည်။ ၁၇၇၃-ခုနှစ် ဘိုတော်ဘုရားလက်ထက်တွင် တစ်ကြိမ် ပုန်ကန်ထကြွပြီး ယိုးဒယားနိုင်ငံအတွင်းသို့ နိုင်ငံရေး ခိုလှုံသူများအဖြစ် ဝင်ရောက်တိမ်းရှောင်ကြရ ပြန်သည်။ (ဤတွင် မွန်တို့၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော် စာပေကျမ်းဂန်များ၊ သမိုင်းဝင်အဆောက်အဦးများ မီးရို့ဖျက်ဆီးခံရပြီး ရဟန်းသံဃာအများအပြားလည်း အသတ်ခံရသည့်အပြင် မွန်တို့သည် မိမိတို့၏ ဘာသာစကားကိုပင် ပြောပိုင်ခွင့် မရှိတော့ပေ။) ထိုစဉ်က မပြေးမလွှားနိုင်သော၊ မရှောင်နိုင်သူတို့သည်သာလျှင် မိမိတို့၏ ဟံသာဝတီနိုင်ငံဟောင်း၌ အညှင်းဆဲခံ လူမျိုးအဖြစ် ယနေ့တိုင်အောင် တည်မြဲနေကြရပေသည်။

အလောင်းဘုရားမင်းဆက်သည် မဟာဗမာဝါဒကို လက်ကိုင်ပြုပြီး အုပ်စိုးလာခဲ့ရာ ၁၇၇၁-ခုနှစ်တွင် အတော်အတန် အင်အားချိနဲ့စပြုလာပြီး ဘကြီးတော်လက်ထက် ၁၈၂၄-ခုနှစ်တွင် အင်္ဂလိပ်တို့နှင့် ပထမစစ်ပွဲ ဖြစ်ပွားရာ ဗမာဘက်မှ ရူံးနိမ့်ခဲ့သဖြင့် ၁၈၂၆-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ချူပ်ဆိုသော ရန္တပိုစစ်ပြေငြိမ်းရေး စာချူပ်အရ အာသံနယ်၊ ရခိုင်ပြည်နယ် နှင့် သံလွင်မြစ် အရှေ့ဖက်ကမ်း အပါအဝင် တနသာင်္ရီတိုင်းများကို အင်္ဂလိပ်တို့က သိမ်းပိုက်လိုက်ကြသည်။ ဤအချိန်အထိဆိုလျှင် ဟံသာဝတီနိုင်ငံတော်ကို ပဒေသရာဇ် နယ်ချဲ့စနစ်အရ ဗမာတို့ နယ်ချဲ့သိမ်းပိုက်ခဲ့သည်မှာ (၆၉) နှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သံလွင်မြစ် အရှေ့ဖက်ကမ်း တနသာင်္ရီတိုင်းကို အင်္ဂလိပ်တို့ အုပ်ချုပ်သည့်အခါ ဗမာမင်းများ အုပ်ချုပ်သော ပဒေသရာဇ်စနစ်ထက် အနည်းငယ် ပိုမိုသေသပ်သည့် အတွက်ကြောင့် လည်းကောင်း၊ ရှာဖွေစားသောက်ရာတွင် ပိုမိုလုံခြုံစိတ်ချရသည့် လည်ကောင်း၊ အညှင်းဆဲခံ မွန်လူမျိုးတို့အား မဟာဝါဒအရ ဖိနှိပ်ချုပ်ချယ်ခြင်း မရှိတော့သည့်အတွက်ကြောင့် လည်း ကောင်း၊ ယိုးဒယားနိုင်ငံတွင် ဝင်ရောက်ခိုလှုံနေကြသော များစွာသော မွန်တို့အနက် ထောင်ပေါင်းရာပေါင်းများစွာတို့သည် မိမိတို့ နေရင်းတိုင်းပြည်သို့ ပြန်လည်ဝင်ရောက် နေထိုင်ကြပြန်သည်။

ပုဂံမင်းလက်ထက် ၁၈၅၂-ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားခဲ့ရာ ဗမာတို့ဖက်က ရှုံးနိမ့်ပြန်သဖြင့် ပဲခူးနယ်ကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ပြန်သည်။ ၁၈၈၅-ခုနှစ်၊ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲတွင် အင်္ဂလိပ်တို့ စစ်နိုင်၍ ကျန်အထက်မြန်မာပြည်အားလုံးကို သိမ်းပိုက်လိုက်သောအခါ မြန်မာတပြည်လုံးသည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်အစိုးရသည် တိုင်းရင်းသားအပေါင်းတို့၏ ယဉ်ကျေးမှုကို ဖော်ထုတ်ပေးခြင်း မရှိသဖြင့် မွန်တို့၏ ယဉ်ကျေမှုလည်း တဖြည်းဖြည်း တိမ်ကောလာပြီး လူမျိုးလည်း တစ်စတစ်စ တိမ်ကောစပြုလာသည်။

မြန်မာ့လွတ်လပ်ရေးအကြိုခေတ်နှင့် လွတ်လပ်ပြီးခေတ်

ကမ္ဘာ့အရှေ့ပိုင်းတွင် ၁၉၀၅-ခုနှစ်၌ ရုရှားနှင့်ဂျပန်တို့သည် စစ်ကြီးဖြစ်ပွားခဲ့ရာ ဂျပန်တို့ အနိုင်ရခဲ့ကြသည်။ ထိုစစ်ဖြစ်သည့် ၁၉၀၅-ခုနှစ်မှစ၍ မွန်ဗမာနိုင်ငံသားတို့၏ စိတ်တွင် ငုတ်လျှိုးနေခဲ့သော အမျိုးသားစိတ်ဓါတ်များ ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ အင်္ဂလိပ်တို့ အုပ်ချုပ်မှု လက်အောက်တွင် မြန်မာနိုင်ငံရေး လှုပ်ရှားမှုသမိုင်း၌ မွန်အမျိုးသားခေါင်းဆောင်များစွာ ပါဝင်ခဲ့ကြပေသည်။

၁၉၃၉-ခုနှစ်တွင် မွန်ပညာရှင်များ၊ ဘုန်းတော်ကြီးများနှင့် လူပုဂ္ဂိုလ်အချို့တို့သည် “ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း” ကို တည်ထောင်ခဲ့ကြသည်။ ထိုကာလတွင် မွန်တို့သည် နိုင်ငံရေး အခွင့်အရေးများကို မတောင်းဆိုကြသေးပေ။ မွန်မျိုးချစ်များဖြစ်ကြသော ဦးဘသော်၊ ဦးကျန်၊ ဦဒွေး၊ ဦးချစ်သောင်း၊ ဦးဘသိန်း၊ အရှင်ကောသလ အစရှိသောပုဂ္ဂိုလ်များသည် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း မှတဆင့် မွန်တို့၏ အကျိုးအတွက် ဘာသာရေး၊ သာသနာရေး၊ စာပေယဉ်ကျေးမှုတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရန်ကုန်မြို့ပေါ်တွင်ရှိသော သွေးဆေးကန်မွန်ကျောင်း၊ ရေတာရှည်ကျောင်း အစရှိသည့် မွန်ဘုန်းတော်ကြီးကျောင်းများတွင် မွန်စာပေကို မြှင့်တင်သောအားဖြင့် ပဌမပြန်စာမေးပွဲကို ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းမှ ကြီးမှူး၍ ကျင်းပခဲ့သည်။ မွန်မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသော မွန်သတင်းစဉ်ကိုလည်း ထုတ်ဝေခဲ့သည်။ မွန်တို့၏ အမျိုးသား စိတ်ဓါတ်ကို ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းက များစွာ ဖော်ထုတ်ပေးနိုင်ခဲ့သည်။

၁၉၄၀-ခုတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကြီအောက်၌ မွန်လူငယ်အသင်း ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် လှုပ်ရှားနေသော်လည်း ကျေးလက်တောရွာများသို့ မပြန့်နှံ့ခဲ့သေးပေ။ ၁၉၃၈-ခုနှစ်မှ ဒုတိယကမ္ဘာစစ် မတိုင်မီအထိ မော်လမြိုင် နှင့် သထုံခရိုင်ရှိ မူလတန်းကျောင်း (၈၄) ကျောင်းတို့တွင် မူဒူးဆရာတော် နှင့် မွန်လူပုဂ္ဂိုလ်အချို့တို့၏ ကြိုးပမ်းချက်ကြောင့် မွန်ဖတ်စာကို သင်ကြားခွင့် ရခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်စနစ် လက်အောက်ကျရောက်စဉ်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့် လူမှုရေးအသင်းအဖွဲ့များ ထင်ထင်ပေါ်ပေါ် လှုပ်ရှားမှု မပြုနိုင်တော့သောကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းသည် လျှို့ဝှက်၍သာ လှုပ်ရှားနေခဲ့သည်။ ဖက်ဆစ်ဂျပန်တို့အား ဆန့်ကျင်တိုက်ထုတ်သော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွင် မွန်တော်လှန်ရေးအင်အား (၃၀၀၀) ကျော် ပါဝင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဤသို့ ဖက်ဆစ်ဂျပန်ကို အင်တိုက်အားတိုက် ပါဝင်တိုက်ခိုက်ခဲ့သော်လည်း မွန်လူမျိုးအနေနှင့် ထင်ပေါ်ခဲ့ခြင်း မရှိချေ။

ဒုတိယကမ္ဘာစစ် အပြီးတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကို စနစ်တကျ ပြန်လည်ဖော်ထုတ် စည်းရုံးခဲ့သည်။ မွန်တို့ နေထိုင်ရာ နယ်မြေဒေသအားလုံးသို့ ပြန့်နှံ့ခဲ့လေသည်။ မွန်တို့၏ မျိုးချစ်စိတ်ဓါတ်သည်လည်း အရှိန်အဟုန်ပြင်းစွာဖြင့် မြင့်တက်လာခဲ့သည်။ မွန်အမျိုးသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို လိုလားကြသူများက မွန်နိုင်ငံရေးအသင်းဖွဲ့များကို ထူထောင်လာကြသည်။ မွန်တိုင်းရင်းသား အစည်းအရုံးကို ၁၉၄၅-ခုနှစ် နိုဝင်ဘာလ (၉) ရက်တွင် ဖွဲ့စည်းလိုက်သည်။ ဤသို့ လှုပ်ရှားလာရင်း သက္ကရာဇ် ၁၉၄၆-ခုနှစ်တွင် ယဉ်ကျေးမှုကို ဦးစားပေသော ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း နှင့် နိုင်ငံရေးလိုက်စားသော “မွန်တိုင်းရင်းသား အစည်အရုံး” ဟူ၍ မွန်အသင်းဖွဲ့ကြီး နှစ်ဖွဲ့ ရှိလာခဲ့သည်။ မွန်ဦးဖိုချို ခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်း အရုံးသည် ဖ-ဆ-ပ-လ နှင့် ပူပေါင်းပြီး မွန်တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည်။ တောင်းဆို၍ မရသောအခါ ဖ-ဆ-ပ-လ မှ နှုတ်ထွက်ခဲ့သည်။ မွန်တိုင်းရင်းသားအစည်းအရုံးမှ နှုတ်ထွက်ပြီး မရှေးမနှောင်းမှာပင် မွန်တိုင်းရင်းသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သော မွန်သန်း ခေါင်းဆောင်သော မွန်အမျိုးသားအဖွဲ့ချုပ်ကို ဖ-ဆ-ပ-လ အဖွဲ့ဝင်အဖြစ် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ အသိအမှတ်ပြု လက်ခံလိုက်လေသည်။

၁၉၄၆-ခုနှစ်၊ ကုန်ခါနီးတွင် မွန်တိုင်းရင်းသားအစည်းအရုံး ခေါင်းဆောင်များသည် ကျိုက္ခမီခရိုင် ပငကျေးရွာတွင် ပထမညီလာခံ ကျင်းပခဲ့သည်။ ၄င်းညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားလူမျိုးများနည်းတူ မွန်လူမျိုးစုအတွက် သီးသန့် အမတ်များ ရွေးကောက်တင်မြှောက်ခွင့်ကို ဖ-ဆ-ပ-လ အစိုးရက ခွင့်မပြုခဲ့ပေ။ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်ဥပဒေသစ်ကို တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲသည့်အခါ မွန်တို့၏ အခွင့်အရေးများကို တောင်းဆိုတင်ပြမည့် မွန်အမျိုးသားများကို ကိုယ်စားပြုသော မွန်သီးသန့်အမတ်များ မရှိမဖြစ်လိုအပ်သော အခြေအနေသို့ ဆိုက်ရောက်လာသည်။ ဤသို့ရှိစဉ် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ အကယ်၍ ၄င်းတို့ အဖွဲ့ချုပ်အမည်ဖြင့် ဝင်ရောက်အရွေးခံပါက မွန်အမတ် (၁၂) နေရာအတွက် လျာထားပေးမည်ဟု မွန်တိုင်းရင်းသား အစည်အရုံးအသင်းသို့ စကားကမ်းလှမ်းလာသေသည်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်အမည်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်အရွေးခံခဲ့သော် အမတ်နေရာထိုက်သင့်သလောက် ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ၄င်းအမည်ခံ အမာတ်များသည် ဖ-ဆ-ပ-လ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေအရ ဖ-ဆ-ပ-လ ဦးစီးအဖွဲ့၏ သဘောတူညီချက်များ မရရှိဘဲ လွှတ်တော်တွင် မိမိတို့ ကြိုက်နှစ်သက်ရာ တောင်းဆိုချက်များကို မပြုလုပ်နိုင်ပေ။ သို့ဖြစ်၍ ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ ကမ်းလှမ်းလာသည်ကို လက်မခံပဲ ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းဝင်များ ဖြစ်ကြသော နိုင်လှမောင်၊ မွန်ဦးငွေကိုင်၊ နိုင်ဘလွင် (မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း)၊ မွန်ဦးရ၊ နိုင်သာနှင်း နှင့် နိုင်စိန်ထွန်း (၆) ဦးတို့သည် တသီးပုဂ္ဂလ မွန်အမတ်များအဖြစ် ဝင်ရောက်အရွေးခံကြသည်။ မွန်တို့သည် ရွေးကောက်ပွဲ အတွေ့အကြုံ နည်းသေး၍ လည်ကောင်း၊ ရွေးကောက်ပွဲတွင် ခြိမ်းခြောက်လှည့်စားခြင်း အမျိုးမျိုးတို့ကို ခံလိုက်ရ၍လည်ကောင်း နိုင်ခြေရှိသော်ငြားလည်း (၆) ဦးပေါင်း မဲအရေအတွက် (၂၀၀၀၀) နှစ်သောင်းကျော် ရ၍ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်တွင် ရေးဆွဲသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေတွင် မွန်အမျိုးသားများကို ကိုယ်စားပြု၍ ပြောဆိုမည့် မွန်အမတ်မရှိသည့်အတွက် မွန်အမျိုးသားများနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပါဝင်ခဲ့တော့ချေ။

မွန်တို့၏ တရားဝင် တောင်းဆိုချက် (၇) ချက်

ရွေးကောက်ပွဲတွင် အရွေးမခံရသော်လည်း မွန်တို့၏ လိုလားချက်များကို သိလိုပါသည်။ တင်ပြစရာများ ရှိလျှင် ဝန်ကြီးချုပ်သခင်နုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ တသီးပုဂ္ဂလအမာတ်များအဖြစ် အရွေးခံကြသူများထံသို့ စကားကမ်းလှမ်းလာပြန်သည်။ ဤသို့ဖြင့် ပြည်ထောင်စု အကျိုးကို ဖြစ်ထွန်းစေမည့် မွန်တို့၏ ဆန္ဒတို့မှာ -

၁။ ပထမပြန်စာမေးပွဲတွင် မွန်သံဃာတော်များအတွက် ပုစ္ဆာများကို မွန်ဘာသာဖြင့် မေးပါရန် နှင့် ပထမပြန် ကော်မတီတစ်ခု ဖွဲ့စည်းပေးပါရန်။

၂။ မွန်နယ်ရှိ မူလတန်းကျောင်းများတွင် မွန်စာကို သင်ကြားခွင့်ပေးရန် နှင့် မွန်ပညာရေးအတွက် ရံပုံငွေ သီးသန့်အုပ်ချူပ်နိုင်သည့် မွန်ပညာရေး ဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းပေးပါရန်။

၃။ မွန်များနေထိုင်ကြသော ခရိုင်၊ မြို့နယ်ဒေသများရှိ အစိုးရဌာနအသီးသီးတို့တွင် မွန်အမျိုးသား အစိုးရအမှုထမ်း၊ အရာထမ်းများ ခန့်အပ်နေရာချထားပေးပါရန်။

၎။ မွန်အမျိုးသားများအတွက် သီးသန့်မဲစာရင်းပြုလုပ်၍ လွှတ်တော်တွင် အချိုးကျ လူဦးရေအလိုက် သီး သန့်မွန်ကိုယ်စားလှယ် အမတ်များ ပေးပါရန်။

၅။ မွန်အမတ်များဖြင့် ဖွဲစည်းထားသော အာဏာနှင့်ပြည့်စုံသည့် မွန်ရေးရာကောင်စီတစ်ခု ဖွဲ့စည်း ပေးပါရန်။

၆။ အခြားလူမျိုးများနည်းတူ ဗဟိုအစိုးရလက်အောက်ခံ မွန်အမျိုးသားစစ်တပ် ဖွဲ့စည်းပေးရန်။

၇။ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းနေကြသောမွန်အမျိုးသားများအား အခြားအမျိုးသားများ နည်းတူ လွတ်လပ်စွာ ပြောဆို ရေးသား စည်းရုံးဆန္ဒပြနိုင်ခွင့် ပေးပါရန်။

အထက်ပါတောင်ဆိုချက်များကို တင်ပြနိုင်ရန် နိုင်ဘလွင် ခေါင်းဆောင်သော မွန်စံသူ၊ နိုင်စိန်ထွန်းတို့ ပါဝင်သည့် အဖွဲ့ကို ၁၉၄၇-ခု၊ ဇူလိုင်လ စတုတ္ထအပါတ်တွင် ဝန်ကြီးချုပ်နှင့် ဖ-ဆ-ပ-လ ဗဟိုအမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ကိုယ်စားအဖြစ်ဖြင့် ရန်ကုန်သို့ စေလွှတ်ခဲ့လေသည်။ ဝန်ကြီးချုပ်နှင့် မွန်ကိုယ်စားလှယ် (၃) ဦးတို့ တွေ့ဆုံပြီးနောက် ဖ-ဆ-ပ-လ ဗဟိုအမှုဆောင်များဖြစ်သော ဦးဗဆွေ၊ ဗိုလ်မှူးအောင်၊ ဦးကိုကိုကြီးတို့နှင့် ဆက်လက်ညှိနှိုင်းရန် လွှဲအပ်လိုက်လေသည်။ ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် “မွန်နှင့်မြန်မာ အတူတူပဲ မဟုတ်လား အခြားအခွင့်အရေးများ တောင်းဆိုဘို့ လိုသေးသလား” ဟု ပြောဆိုခဲ့သည်။

ကိုယ်စားလှယ် (၃) ဦးတို့သည် ဖ-ဆ-ပ-လ ဗဟိုအမှုဆောင်များနှင့် မတွေ့ဆုံမီ မွန်တိုင်းရင်းသား အစည်းအရုံး ဥက္ကဋ္ဌ မွန်ဦးဖိုချို၊ မွန်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ မွန်သန်း၊ အတွင်းရေးမှူး မွန်ထွန်းရင်တို့အပြင် မွန်အမျိုးသားအင်ဂျင်နီယာ သခင်ကြီး၊ မွန်ဒေါ်နှင်း တို့ကို ဖိတ်ခေါ်ပြီး တောင်းဆိုချက် (၇) ချက်အပေါ် သဘောထားကို တောင်းခံခဲ့ရာ အားလုံးက သင့်တော်မှန်ကန်ကြောင်း ထောက်ခံခဲ့ကြသည်။ မွန်တို့သည် တညီတညွတ်တည်း တောင်းဆိုရာရောက်အောင် ၄င်းတို့အား ဖ-ဆ-ပ-လ ဗဟိုအလုပ်မှုဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် တိုက်တွန်းသည်ကို လက်ခံကြသည်။

ထိုဆွေးနွေးပွဲမှ ရရှိလာသော ရလာဒ်မှာ-

၁။ မွန်သံဃာတော်များအတွက် အစိုးရပဌမစာပြန်ပွဲတွင် မွန်ဘာသာဖြင့် မေခွန်းပုစ္ဆာထုတ်ပေး၍ မွန်ဘာသာဖြင့် ဖြေဆိုခွင့် ပြုသည်။ အစိုးရပဌမပြန်ဘုတ်အဖွဲ့တွင် မွန်ကိုယ်စားလှယ် ထည့်ပေးမည်ဟု ကတိပြုသည်။

၂။ မွန်များရာဒေသရှိ မူလတန်းကျောင်းများတွင် မွန်ကျောင်းသားများအား မွန်ဘာသာသင်ကြားနိုင်ရန် စီစဉ်ပေး မည်ဟု ကတိပြုသည်။ ပညာရေးနှင့်ပါတ်သက်၍ မွန်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပါမည်ဟု ကတိပြုသည်။

၃။ မူလဒီမိုကရေစီနှင့်ပတ်သက်၍ ပြည်သူပြည်သားတိုင်း ရရှိထားပြီးဖြစ်သဖြင့် အထူးပြောစရာမလိုဟု ဆိုသည်။

မွန်အများစု နေထိုင်ကြသော ခရိုင်၊ မြို့နယ် ဒေသများတွင် မြန်မာစကားကို ရေလည်စွာ မပြောတတ်သူများအတွက် အုပ်ချုပ်ရေးဘက်တွင် အခက်အခဲမကြုံတွေ့ရလေအောင် မွန်အမျိုးသား (သို့မဟုတ်) မွန်စကား၊ စာပေတတ်မြောက်သော အခြာမျိုးသား အရာရှိအရာခံများဖြင့် ခန့်ထားပေးပါရန် တောင်းဆိုချက်ကိုမူ မယ်မယ်ရရ လက်မခံခဲ့ပေ။ ၄င်းအပြင် နောက်ပိုင်းတွင် အချို့မွန်အရာရှိများကိုပင် မွန်များ နိုးကြားလာမည်စိုး၍ ရပ်ဝေးသို့ ပြောင်းရွှေ့ပစ်သည်များလည်း ရှိသည်။

ဆန္ဒမဲ ပေးနိုင်သူစာရင်းအရ မွန်ကိုယ်စားလှယ်အမတ်များ ထားရှိရေး၊ ၄င်းကိုယ်စားလှယ်ပါဝင်သည့် အာဏာနှင့် ပြည်စုံသည့် မွန်ရေးရာကောင်စီတစ်ရပ် ဖွဲ့စည်းပေးရေးနှင့် အခြားလူမျိုးများနည်းတူ ဗဟိုအစိုးရလက်အောက်ခံ မွန်အမျိုးသားစစ်တပ်များ ဖွဲ့စည်းပေးရေးတို့ကိုမူ အကြောင်းအမျိုးမျိုးပြ၍ လက်မခံခဲ့ပေ။

ဤသို့ဖြင့် မွန်တို့ တောင်းဆိုသော တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို ဘုရင်ခံအတိုင်ပင်ခံ ဖ-ဆ-ပ-လ အစိုးရအဖွဲ့မှ “မွန်နှင့်ဗမာအတူတူပဲ၊ သီခြားအခွင့်အရေးပေးရန် မလို” ဟူသောအဖြေကို ပေးခဲ့သည်။ အတိုချုပ်၍ ပြောရမည်ဆိုလျှင် နိုင်ငံရေးအာဏာကို မပေးပဲ ယဉ်ကျေးမှုအခွင့်အရေး အနည်းအကျဉ်းဖြင့်သာ နှစ်သိမ့်လိုက်ခြင်းပင် ဖြစ်သည်။

ဥပဒေအတွင်း၌ ဆက်လက်တိုက်ပွဲဝင်လိုကြသော မွန်တို့သည် ၁၉၄၇-ခုနှစ်၊ သြဂုတ်လအတွင်းတွင်း မော်လမြိုင်မြို့ ကျိုက်သုတ်စေတီတော်ရင်ပြင်၌ ညီလာခံတစ်ရပ်ကို ကျင်းပကာ နိုင်ဘလွင်အား ဥက္ကဋ္ဌ၊ မွန်စံသူအား အတွင်းရေးမှူး၊ နိုင်လှမောင်အား ဘဏ္ဍာရေးမှူး၊ နိုင်သာနှင်း နိုင်စိန်ထွန်း မိဟံသာ၊ နိုင်ပန်းသာ နိုင်ဘညွန့်၊ နိုင်သာအောင် တို့အား အမှုဆောင်များအဖြစ် တင်မြှောက်ပြီး မွန်လွတ်လပ်ရေးအဖွဲ့ချုပ်ကို စတင် တည်ထောင်ကြလေသည်။ တစ်ချိန်တည်းမှာပင် မွန်အမျိုးသားတို့၏ ကြွေးကြော်သံအဖြစ် တနသာင်္ရီတိုင်း သတင်းစာကို နိုင်ဘလွင်က အယ်ဒီတာအဖြစ်ကွပ်ကဲပြီး ထုတ်ဝေရန် ဆုံးဖြတ်ကြသည်။

ထိုညီလာခံ၌ပင် မွန်တို့သည် သမိုင်းကြောင်းတစ်လျှောက်တွင် ကိုယ်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကိုယ်ပိုင် ပြဌာန်းခွင့်ကို ကျင့်သုံးခဲ့သော လူမျိုးဖြစ်သည်။ မွန်ကိုယ်စားလှယ်များ တောင်းဆိုသော အချက် (၇) ချက်သည် ရေးရာကောင်စီအဆင့်မျှသာရှိသော်လည်း ဖ-ဆ-ပ-လ အစိုးရမှ မလိုက်လျှောသဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်ကို ထပ်မံတောင်းဆိုရန် ဆုံးဖြတ်ကြလေသည်။

မုဒုံမြို့ ကမာဝက်ရွာကြီးတွင် မွန်တိုင်းရင်းသားအစည်းအရုံးမှ ကြီးမှူးကျင်းပသော ညီလာခံ၌လည်း ဖ-ဆ-ပ-လ အစိုးရသို့ မွန်ကိုယ်စားလှယ်များ တင်ပြခဲ့သော တောင်းဆိုချက် (၇) ချက်ကို အလေးအနက် ထောက်ခံသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ကြသည်။

နောက်များမကြာမီ မွန်တိုင်းရင်းသားအစည်းအရုံးမှလည်း မွန်ပြည်နယ် ဖော်ထုတ်ပေးရေးကို တောင်းဆိုခဲ့ပေသည်။ ယင်းအစည်းအရုံးမှပင် ရာမညတိုင်းသတင်းစာတစ်စောင်ကိုလည်း ထုတ်ဝေခဲ့သေးသည်။ ထိုစဉ်က မွန်တိုင်းရင်းသားအစည်းအရုံး အမှုဆောင်များမှာ ဥက္ကဋ္ဌ နိုင်ဖိုးချို၊ ဒု-ဥက္ကဋ္ဌ နိုင်အောင်ထွန်း၊ အတွင်းရေးမှူး နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့၊ နိုင်အောင်တင်၊ ဆရာဖိုးစိန် စသည့်အမှုဆောင်များ ပါဝင်သည်။

မွန်အမျိုးသားတို့၏ တောင်းဆိုချက်သည် တစ်သံတည်း တူညီလာပြီဖြစ်သဖြင့် မွန်တစ်မျိုးသားလုံးကို တစ်စုတစ်စည်းတည်း စုစည်းနိုင်ရန်အတွက် မွန်လွတ်လပ်ရေးအဖွဲ့နှင့် မွန်တိုင်းရင်းသားအစည်းအရုံးတို့ကို ပူးပေါင်းပြီး မွန်လူမျိုးရေးရာအဖွဲ့ချုပ်ကို ဖွဲ့စည်းရန် အဖွဲ့ခေါင်းဆောင်များက လက်ခံသဘောတူခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် မွန်တိုင်းရင်းသားအစည်းအရုံးမှ သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ သို့ဖြင့် မွန်လွတ်လပ်ရေးအဖွဲ့နှင့် မွန်လူငယ်အဖွဲ့တို့ကို ပူးပေါင်းဖွဲ့စည်းကာ မွန်လူမျိုးရေးရာအဖွဲ့ချုပ်ကို တည်ထောင်လိုက်ကြသည်။ ဥက္ကဋ္ဌမှာ နိုင်လှမောင် ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ နိုင်ဘလွင် ဖြစ်သည်။

၁၉၄၇-ခုနှစ်အတွင်းမှာပင် စောဘဦးကြီး ခေါင်ဆောင်သော ကေအဲန်ယူအစည်းအရုံး အမျိုးသားညီလာခံကို မော်လမြိုင်မြို့ ကရင်ကျောင်းတွင် ကျင်းပခဲ့သည်။ ထို့နောက် ကရင်အမျိုးသားခေါင်းဆောင်များဖြစ်သော စောဘဦးကြီး၊ ဆရာသာထို၊ စောသာဒင်၊ စောဖိုးချစ်၊ ဦးလှဖေ နှင့် မွန်အမျိုးသားခေါင်းဆောင်များ ဖြစ်သော နိုင်လှမောင်၊ နိုင်ဘလွင်၊ မိဟံသာ၊ မွန်စံသူ တို့သည် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် ရရှိရေးအတွက် ပဏာမ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က ဖ-ဆ-ပ-လမှ ခန့်အပ်ထားသော မြေယာသီးစား ချထားရေး ဘုတ်အဖွဲ့များသည် ‘လက်ငုတ်သီး စား လက်မလွတ်ရေးမူ’ ကို ချိုးဖောက်ကာ မိမိတို့ဘက်သား ဗမာပြည်တောင်သူလယ်သမားအစည်းအရုံး (ဗ-တ-လ-စ) ဝင်တို့အား မြေယာများကို ခွဲခြမ်းပေးပြီး မတရားသီးစားချထားပေးခဲ့သည်။ သို့ဖြင့် သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်တို့တွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်ဝင် မွန်လယ်သမားများအဖွဲ့မှ အိုးစည်ဗုံမောင်းများဖြင့် ထွန်းတုံးတိုက်ပွဲ၊ ကောက်စိုက်တိုက်ပွဲများကို ဆင်နွှဲပြီး အမှန်တရားကို ဖော်ထုတ်ခဲ့သည်။ ဖ-ဆ-ပ-လ မှ ချမှတ်လာသော အခြားသော စီမံကိန်းများတွင်လည်း မတရားမှု မှန်သမျှကို တိုက်ပွဲဝင်ခဲ့သဖြင့် အောင်မြင်မှုများ ရသင့်သလောက် ရခဲ့သည်။

၁၉၄၈-ခုနှစ် လွတ်လပ်ရေး ရပြီးနောက်၊ လပိုင်းလောက်တွင် ဖ-ဆ-ပ-လ မှ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖော်ထုတ်ရေးကို လျှစ်လျူးရှုထားသဖြင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ ကြီးမှူး၍ နေရာအနှံ့အပြားတွင် လူထုဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ကြီးမှူးသော မော်လမြိုင်မြို့ လူထုဆန္ဒပြပွဲတွင် မွန်လူထုအင်အား (၂၀၀၀၀) ကျော် ပါဝင်ဆန္ဒပြခဲ့ကြသည်။ လူထုဆန္ဒပြပွဲ ကြွေးကြော်သံများအဖြစ် “မွန်ပြည်နယ် ချက်ချင်းပေး” “ပြည်တွင်းစစ် အလိုမရှိ”၊ “မြန်မာတစ်ကျပ်၊ မွန်တစ်ကျပ်” “မွန်နဲ့ဗမာ မတူဘူး” စသည်တို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။ မွန်တိုင်းရင်းသားအစည်းအရုံးမှ ကြီးမှူး၍လည်း လူထုဆန္ဒပြပွဲ ကျင်းပခဲ့သည်။

၁၉၄၇-ခုနှစ် ကုန်ခါနီးတွင် မုဒုံမြို့နယ်၊ ဖားအောက်ကျေးရွာတွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ ညီလာခံကို (၃) ရက်တိုင်တိုင် သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထိုညီလာခံမှ မွန်ပြည်နယ်ဖော်ထုတ်ပေးရေး အဆိုကို ထပ်မံဆုံးဖြတ်ပြီး ဖ-ဆ-ပ-လ အစိုးရထံသို့ ပေးပို့ခဲ့သည်။ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ချို့ယွင်းချက်များကိုလည်း အမြန်ပြုပြင်ပေးရန် တောင်းဆိုခဲ့သည်။ ညီလာခံမှ ဥက္ကဋ္ဌအဖြစ် နိုင်ဘလွင်၊ နိုင်စံသူ၊ နိုင်ဘညွန့်၊ မိဟံသာ၊ နိုင်သိမ်းမောင်၊ နိုင်သာအောင်၊ နိုင်ထွန်းတင်၊ နိုင်ဖိုးကောင်းတို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုဖား အောက်ရွာတွင် ကျင်းပခဲ့သော ညီလာခံသည် မွန်အမျိုးသားလွတ်မြောက်တိုက်ပွဲတွင် ထင်ရှားသော မှတ်တိုင်တစ်ခု ဖြစ်ပေသည်။

ညီလာခံကျင်းပပြီးနောက်ပိုင်းတွင် မွန်တို့၏ လိုလားချက်ကို မည်သို့မျှ အကြောင်းမပြန်ဘဲ၊ ဖ-ဆ-ပ-လ အစိုးရသည် မော်လမြိုင်ခရိုင် လုံခြုံရေးအတွက်ဆိုကာ အစိုးရတပ်ရင်းတစ်ရင်းကို ပို့ထားလိုက်လေသည်။ ဤသို့ ပြုမူခြင်းသည် မွန်တို့၏ တောင်းဆိုချက်ကို လိုက်လျှောမည့်အသွင်ထက် အရေးယူတော့မည့် အသွင်ကို ဆောင်လာသည်။ မွန်အမျိုးသားတို့၏ လှုပ်ရှားမူကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်မှုများ ပြုလုပ်လာသည်။ ထိုသို့သော အခြေအနေတွင် ကရင်အမျိုးသားတို့သည် မိမိတို့၏ အမျိုးသားများကို ကာကွယ်ရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (ကေ-အဲန်-ဒီ-အို) ကို ဖွဲ့စည်းကြပြီးဖြစ်သည်။ မွန်တို့ကလည်း မိမိတို့အမျိုးများကို ကာကွယ်ရန် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (အမ်-အဲန်-ဒီ-အို) ကို ဖွဲ့စည်းကြလေသည်။ မွန်အမျိုးသားကာကွယ်ရေးအဖွဲ့တွင် လက်နက်များ မရှိပေ။ စစ်ပညာကိုသာ လေ့ကျင့်သင်ကြားပေးခဲ့သည်။ မွန်တိုင်းရင်းသားအစည်းအရုံးမှလည်း ၄င်းတို့စည်းရုံးထားသော နယ်မြေများတွင် မွန်လူငယ်အဖွဲ့များ ဖွဲ့စည်းပြီး စစ်ရေးအတတ်ပညာများကို သင်ကြားပေးခဲ့သည်။

မွန်နှင့်ကရင် မဟာမိတ်အဖွဲ့ ဖွဲ့ခြင်း

၁၉၄၈-ခုနှစ်၊ သြဂုတ်လတွင် အင်းစိန်မြို့  ကရင်အမျိုးသားအစည်းအရုံး (ကေ-အဲန်-ယူ)မှ ဥက္ကဋ္ဌ စောဘဦးကြီး နှင့် အမှုဆောင်များ ဖြစ်ကြသော စောသာဒင်၊ ဆရာသာထို၊ ဦးဇန်၊ မန်းဂျိမ်း (စ) စောဘယ်လိ၊ စောစံကေ၊ မန်းဘဇံတို့ နှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ နိုင်လှမောင်၊ နိုင်ဘလွင်တို့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ပေါ်ထွက်လာရေးအတွက် ပူးတွဲတိုက်ပွဲဝင်ရန် ညှိနှိုင်းဆွေးနွေးကြပြီး အဓိဋ္ဌာန်ပြုချက် (၄) ချက်ကို ချမှတ်ခဲ့ကြသည်။ အဓိဌာန်ပြုချက်များတွင် ကရင်အမျိုးသားများကိုယ်စား ဥက္ကဋ္ဌကြီး စောဘဦးကြီးက လက်မှတ်ရေးထိုးပြီး မွန်အမျိုးသားများကိုယ်စား ဥက္ကဋ္ဌကြီး နိုင်လှမောင်က လက်မှတ်ရေးထိုးသည်။ ၄င်းအဓိဌာန်ပြုချက် (၄) ချက်မှာ -

(၁) မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် ရရှိရေးအတွက် မွန်နှင့်ကရင်တို့ ပူးပေါင်းကြိုးပမ်းကြမည်။

(၂) ထိုသို့ တိုက်ပွဲဝင်ရာတွင် အသက်ကို ပဓာနမထားပဲ အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်။

(၃) တစ်ဦး သဘောမတူပဲ အခြားအင်အားစုနှင့် သဘောတူညီမှု မယူရ။

(၄) ကြိုးပမ်းမှု အောင်မြင်သည့်အခါတွင် မွန်လူထု၊ ကရင်လူထုတို့၏ ဆန္ဒအလျောက် ဆောင်ရွက်သွားမည်။

အထက်ပါ အဓိဌာန်ပြုချက် (၄) ချက်ကို ရန်ကုန်မြို့ထုတ် သတင်းစာ အသီးသီး နှင့် ကရင်အမျိုးသားတို့၏ ကြွေးကြော်သံသတင်းစာ ဖြစ်သော သုဝဏ္ဏတိုင်း၊ မွန်အမျိုးသားတို့၏ ကြွေးကြော်သံသတင်းစာဖြစ်သော တနင်္သာရီတိုင်း သတင်းစာတို့တွင် တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာခဲ့သည်။

အဓိဌာန်ပြုချက် ထွက်လာပြီး မရှေးမနှောင်းမှာပင် မွန်ဒေသကျေးရွာများမှ ကာကွယ်ရေးလက်နက်များကို အစိုးရ၏အမိန့်အရ ပြန်လည်သိမ်းဆည်းတော့သည်။ မွန်လူငယ်များသည် လာမည့်အန္တရာယ်ကို ခန့်မှန်းမိကြပြီး ဖြစ်၍ လက်နက်များကို ပြန်လည်မပေးအပ်ရန် ကျေးရွာများတွင် လှုံ့ ဆော်ကြသည်။ ၁၃၁၀-ခုနှစ်၊ ဝါခေါင် လပြည့်နေ့ (၁၉၄၈-ခုနှစ်၊ သြဂုတ်လ-၁၉ ရက်) ဖားအံမြို့ နယ် ဇာသပြင်ရွာမှ စတင်၍ ကျေးရွာကာကွယ်ရေး လက်နက်များကို စတင်သိမ်းဆည်းလာရာမှ ရက်အနည်းငယ်အတွင်းတွင် လက်နက်ပေါင်း(၂၀၀)ကျော် ရရှိခဲ့သည်။ ဖားအံမြို့ နယ်တွင် မွန်နှင့်ကရင်တို့ ပူးပေါင်းပြီး လက်နက်များကို သိမ်းဆည်းခဲ့ရာ လက်နက်ပေါင်း (၅၀၀) ကျော် ရရှိခဲ့သည်။

ယင်းသို့အရေး ပေါ်လာပြီးနောက် ဖ-ဆ-ပ-လ အစိုးရသည် နိုင်ဘလွင်၊ မွန်စံသူ၊ နိုင်စိန်ထွန်း၊ နိုင်ဖိုးကောင်း တို့ အပါအဝင် မွန်ခေါင်းဆောင် (၂၀) ကျော်တို့ကို ဖမ်းဆီးပြီး မော်လမြိုင်ထောင်တွင် အကျဉ်းချ ထားလိုက်လေသည်။ မွန်ခေါင်းဆောင်များ ဖမ်းဆီးခံခြင်းကြောင့် မွန်နှင့် ကရင်တို့ ပူးပေါင်း၍ သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်ကို သိမ်းယူလိုက်ကြသည်။ ထိုစဉ်က မော်လမြိုင် ဆိပ်ကမ်းအနီး မြစ်လယ်တွင် ဆိုက်ကပ်ထားသော မေယုစစ်သဘောင်္မှ ခြောက်လှန့် ၍ အမြောက်နှင့် စက်သေနတ်များ ပြစ်ဖောက်ခဲ့သည်။ စစ်သဘောင်္မှ အမြောက်လက်နက်များဖြင့် မုဒုံမြို့ ကို ပြန်လည်သိမ်းယူရန် ကြိုးစားခဲ့သည်။ ကျိုက်မရောမြို့ ပေါ်မှလည်း ခုခံကာကွယ်ခဲ့ကြသည်။

ဤသို့ အခြေအနေ ရှုပ်ထွေးလာသောအခါ ဖ-ဆ-ပ-လ အစိုးရသည် မြန်မာ့အသံလွှင့်ဌာနမှ မွန်ကရင် နှင့် ရခိုင်ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွင့်လှစ်ပေးမည်။ မွန်၊ ကရင်၊ ရခိုင်၊ ဗမာ နှင့် အခြားလူမျိုးစုကိုယ်စားလှယ်များ ပါဝင်စေမည်ဟု ကြေညာခဲ့လေသည်။ ကေ-အဲန်-ယူ ဥက္ကဋ္ဌကြီး စောဘဦးကြီးသည်လည်း အစိုးရ၏ တိုက်တွန်းချက်ဖြင့် မွန်ကရင်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန် လေယာဉ်ဖြင့် မော်လမြိုင်မြို့ သို့ရောက်လာသည်။ အစိုးရဖွဲ့ပေးသော ကော်မရှင်တွင် ပါဝင်မည်ဟု ဆွေးနွေးသဘောတူပြီးနောက် မော်လမြိုင်ခရိုင်ကို ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သထုံခရိုင်ကိုမူ ဆက်လက် ထိန်းသိမ်းထားခဲ့ကြသည်။

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် တရားဝင်တောင်းဆိုချက်

၁၉၄၈- ခုနှစ်၊ အောက်တိုဘာလတွင် ဖွင့်လှစ်သော စုံစမ်းရေးကော်မရှင်အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး ကေ-အဲန်-ယူမှ ကရင်ပြည်နယ်အဖြစ် တောင်ငူခရိုင် အပါအဝင် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အင်းစိန် နှင့် သာယာဝတီခရိုင်၊ ညောင်လေးပင်နယ်တစ်ပိုင်းကို သတ်မှတ်ပေးရန် စာတမ်းတင်သွင်းလေသည်။ မွန်လူမျိုးရေးရာအဖွဲ့ချုပ် နှင့် မွန်တိုင်းရင်းသားအစည်းအရုံးမှ ပူးတွဲ၍ မွန်တို့၏ ဘိုးဘွားပိုင်နယ်မြေဖြစ်သော တနင်္သာရီတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် စာတမ်းတင်သွင်းခဲ့သည်။ တောင်းဆိုချက်များတွင် တောင်းဆိုသည့်နယ်မြေ ထပ်နေသော်လည်း ကရင်အမျိုးသားတို့၏ တောင်းဆိုချက်ကို မွန်အမျိုးသားတို့က ထောက်ခံ၍ မွန်အမျိုးသားတို့၏ တောင်းဆိုချက်ကို ကရင်အမျိုးသားတို့က ထောက်ခံခဲ့ကြသည်။

(မှတ်ချက်။ ။စုံစမ်းရေးကော်မရှင်မှ သုံးနှစ်ကျော်မျှ စုံစမ်းစစ်ဆေးပြီးနောက် ၁၉၅၃-ခုနှစ်တွင် မွန် နှင့် ရခိုင်တို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ပြည်နယ်သတ်မှတ်မပေးပဲ ကရင်တို့အတွက် တောင်ငူခရိုင်တစိတ် တဒေသ၊ ဖာပွန်ခရိုင်၊ သထုံခရိုင် တစိတ်တဒေသနှင့် မော်လမြိုင်ခရိုင်တစိတ်တဒေသတို့ကို ကရင်ပြည်နယ် အဖြစ် သတ်မှတ်ခဲ့လေသည်။)

လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းနိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ နု-အက်တလီစာချုပ်သည် တိုင်းပြည်ကို ရာသက်ပန် ကျွန်ပြုဖို့ ချုပ်ဆိုထားသော စာချုပ်ဖြစ်၍ အမျိုးသား ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ နိုင်ငံရေးအရ လွတ်လပ်သည် ဆိုသော်ငြားလည်း ကိုလိုနီစီးပွားရေးစနစ် အတွင်းတွင်ပင် ရှိနေသေးသည်ဖြစ်၍ အတုအယောင် လွတ်လပ်ရေးသာ ဖြစ်သည်။ စီးပွားရေးအရပါ လွတ်လပ်အောင် ဆက်လက်တိုက်ပွဲဝင်ရဦးမည်။ ဗမာဓနရှင်မြေရှင်တို့သည် ပြည်သူတို့၏ဆန္ဒကို ကျောခိုင်းပြီး နယ်ချဲ့သမားနှင့် ပြန်မလာစတမ်း ပူးပေါင်းသွားကြပြီ ဖြစ်၍ နယ်ချဲ့စနစ်နှင့် ပဒေသရာဇ်စနစ်ကို ကိုယ်စားပြုသူများ နှင့် ၄င်းတို့၏ ကြံရာပါများကို ဆက်လက်တိုက်ရမည်။ ယနေ့ နိုင်ငံတကာအခြေအနေသည် အမျိုးသားလွတ်မြောက်မှု တိုက်ပွဲဆင်နွှဲရန်အတွက် အခြေအနေပေးနေသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အရေးတို့ကို ချုပ်ချယ်သော နယ်ချဲ့လက်ကိုင်တုတ် ဦးနုအစိုးရကို ဖြုတ်ချပြီး ပြည်သူ့အစိုးရ ထူထောင်ရန် ဒီမိုကရေစီတော်လှန်ရေး တိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်ရန် လှုံ့ဆော်ခဲ့သည်။ နောက်ဆုံး ဖ-ဆ-ပ-လ အစိုးရနှင့် စေ့စပ်၍ မရတော့သဖြင့် ၁၉၄၈၊ မတ်လ(၂၈) ရက်နေ့တွင် လက်နက်ကိုင် တိုက်ပွဲကို စတင်ဆင်နွှဲလေတော့သည်။ ၄င်းတို့၏ လေ့ကျင့်ပြီးသား တပ်နီအင်အားမှာ တစ်သိန်း (၁၀၀၀၀၀) နီးပါးရှိသည်ဟု ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့ကို ဆိုရှယ်လစ်ပါတီနှင့် ပူးပေါင်းရန် ဖ-ဆ-ပ-လ ခေါင်းဆောင်များက ကြိုးပမ်းခဲ့ကြသည်။ ပြည်သူ့ရဲဘော်အဖွဲ့ဝင်များကို ပြန်လည်ထူထောင်ရေးတပ်ဖွဲ့တွင် ပြန်လည်နေရာချထားပေးရန် ဖြစ်သည်။

ပြည်သူ့ရဲဘော်အဖွဲ့ ခေါင်းဆောင်များက လက်ဝဲအင်အားစု ညီညွတ်ရေးဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ကြသည်။ မအောင်မြင်ခဲ့ချေ။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲပြီးနောက် (၄) လ အကြာ ဇူလိုင် (၂၉) ရက်နေ့တွင် ဗိုလ်ဖိုးကွန်း၊ ဗိုလ်လရောင်တို့ ခေါင်းဆောင်သော ပြည်သူ့ရဲဘော်တို့သည် လက်နက်ကိုင် တိုက်ပွဲကို စတင်ကြလေသည်။ တော်လှန်သော ပြည်သူ့ရဲဘော်အင်အားမှာ ခြောက်သောင်းမှ ခုနစ်သောင်းအထိ ရှိသည်ဟု ခန့်မှန်းခဲ့ကြလေသည်။

အလံနီကွန်မြူနစ်ပါတီမှာ ၁၉၄၇-ခုနှစ်ကတည်းကပင် မြေအောက်ရောက်နေပြီ ဖြစ်သည်။ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် အများအပြားမှာလည်း ထောင်သွင်း အကျဉ်းချထားခြင်း ခံနေရသည်။

၁၉၄၈-ခုနှစ်နောက်ပိုင်းတွင် မွန်ခေါင်းဆောင်များအား ချောင်းမြောင်းသတ်ဖြတ်ခြင်း (သာဓကတစ်ခုမှာ မွန်စံသူသည် မော်လမြိုင်မြို့၊ မြို့လယ်ခေါင် ကြေးနန်းပို့တိုက်အနီးတွင် ယူနီဖောင်းဝတ်များ၏ စတင်းဂန်း သေနတ်များဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရသည်။) မွန်သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မွန်ကျေးရွာသူ ကျေးရွာသားများအား အကြောင်းမဲ့ နှိပ်စက်ကလူပြုမူခြင်းတို့ တစထက်တစ များပြားလာသည်။ မွန်လူထုများမှလည်း မိမိတို့၏ လွတ်လပ်မှုနှင့် ဒီမိုဒရေစီအခွင့်အရေးကို ကာကွယ်ရန် ရရာလက်နက် စွဲကိုင်ကာ နည်းမျိုးစုံဖြင့် ပြန်လည်ခုခံကာကွယ်လာကြသည်။ အခြေအနေဆိုးရွားသည်ထက် ပိုမိုဆိုးရွား ယိုယွင်းလာနေသည်။ ဤသို့ ရှိစဉ် ၁၉၄၉-ခုနှစ်၊ ဇန္နာဝါရီ (၃၁) ရက်တွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကို၎င်း၊ ဖေဖေါ်ဝါရီ (၁) တွင် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (MNDO) ကို၎င်း၊ ဖ-ဆ-ပ-လ အစိုးရမှ မတရားအသင်း ကြေငြာလေတော့သည်။

၁၉၄၉-ခုနှစ်၊ ဇန္နာဝါရီလ (၃) ရက်နေ့တွင် ကေအင်ဒီအို နှင့် အမ်အင်ဒီအိုတို့သည် အင်းစိန်မြို့ကို စတင်တိုက်ခိုက်သိမ်းပိုက်ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းမှ လက်နက်တိုက်ကို သိမ်းပိုက် ဖွင့်ယူလိုက်ကြတော့သည်။ (အင်စိန်မြို့ကို သိမ်းပိုက်စဉ်က အမ်အင်ဒီအိုတပ်ခွဲတစ်ခွဲ ပါဝင်ခဲ့သည်။)

ထိုစဉ်က ဖ-ဆ-ပ-လ အစိုးရအား တော်လှန်တိုက်ခိုက်နေသော အင်အားစုများမှာ အလွန်အားကောင်း နေချိန်ဖြစ်သဖြင့် နေရာအနှံ့အပြားတွင် အချက်အချာကျသော မြို့ငယ်များနှင့် တောပိုင်းဒေသအတ်ာများများကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ နိုင်ငံခြားအသံလွှင့်ဌာနများနှင့် သတင်းစာများကပင် ဖ-ဆ-ပ-လ အစိုးရအား ရန်ကုန်အစိုးရဟူ၍ပင် သမုဒ်ကြလေသည်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကပင်လျှင် ‘နိုင်ငံတော်၌ အန္တရာယ်ကျရောက် နေပြီ’ ဟု ကြေငြာခဲ့ရလေသည်။ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုကြောင့် ဖ-ဆ-ပ-လ အစိုးရသည် ကြီးမာသော၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတို့ကို ရင်ဆိုင်ခဲ့ရပေသည်။

တော်လှန်ရေးအင်အားစုများ၏ အားနည်းချက်

တော်လှန်ရေးအင်အားစုများသည် ဝါဒရေးရာအယူအဆ ကွဲပြားမှုကြောင့်လည်းကောင်း၊ ဂိုဏ်းဂဏအစွဲအလန်း ကြီးမားမှုကြောင့် လည်းကောင်း၊ ဘုံရန်သူ အစိုးရအား ပြုတ်ကျအောင် ပူးပေါင်းဆက်စပ်တိုက်ပွဲ မဝင်နိုင်ခဲ့ပေ။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ နှင့် ပြည်သူ့ရဲဘော်အဖွဲ့တို့သည် (၃) ပါတီ ညီညွတ်ရေး တပ်ပေါင်းစုကို တည်ဆောက်ခဲ့ကြသော်လည်း အယူအဆရေးရာ ကွဲလွဲချက်များကြောင့် ကြာရှည်မခံခဲ့ပေ။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မ (၄) ၏ တိုက်ထုတ်ခြင်းကို ခံခဲ့ရပြီး ၁၉၅၀-ခုနှစ်၊ နှစ်ဦးပိုင်းတွင် ယူနန်ပြည်နယ် မှတဆင့် မြန်မာပြည်ဖက်သို့ ဆုတ်ခွာလာသော ဗိုလ်ချုပ်လီမိဦးဆောင်သော ကေအမ်တီ (တရုတ်ဖြူ) အင်အားနှစ်ထောင်နှင့် ၄င်းတို့၏ မိသားစုတို့သည် ရှမ်းပြည်ကျိုင်းတုံဒေသတွင် စခန်းချ နေထိုင်ခဲ့ကြသည်။ ၄င်းတို့ ရောက်ရှိနေထိုင်သောဒေသမှ ဆန်ကိုရသည့်နည်းဖြင့်ရှာ၍ ဘိန်းကုန်ကူး၊ အကောက်အခွန်ယူကာ ရပ်တည်နေခဲ့ကြသည်။ ဖ-ဆ-ပ-လ အစိုးရတပ်များသည် တော်လှန်ရေး အင်အားစုများကို နှိမ်နှင်းတိုက်ခိုက် နေရသဖြင့် ၄င်းတို့အား အပြီးတိုင် တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိခဲ့ခြေ။
၁၉၅၂-ခုနှစ် နောက်ပိုင်းသို့ ရောက်လာသောအခါ စားသောက်နေထိုင်ရေး အခက်အခဲများကို အကြောင်းပြု၍ တနသာင်္ရီတိုင်းဖက်သို့ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရအောင် ဝိုင်းတိုက်ပေးမည်ဟုဆိုကာ မော်လမြိုင်ခရိုင်အထိ အချို့ တဝက် ဆင်းလာကြသည်။ သို့သော် မယ်မယ်ရရ တိုက်ပွဲဆင်ခြင်းမရှိပဲ ဆန်ရရေးနှင့် ဘိန်းကုန်ကူးရေးကိုသာ အဓိကထား လှုပ်ရှားနေခဲ့ကြသည်။

ဖဆပလ အစိုးရအဖွဲ့သည် တော်လှန်ရေးအင်အားစုများ ညီညွတ်မှု မရှိခြင်းကို ချက်ကောင်းယူကာ တစ်နှစ်အတွင်း ငြိမ်းချမ်းရေး အရယူပေးမည်ဟူသော ကြွေးကြော်သံဖြင့် မိမိအုပ်ချုပ်ရေးနယ်မြေကို တဖြည်းဖြည်း ကျယ်ပြန့်လာအောင် ထိုးစစ်ဆင်လာတော့သည်။ သြဇာတိက္ကမ ရှိသော သံဃာတော်များ၏ ထောက်ခံမှုကို ရရှိစေရန် ဆဌသံဃာယနာ တင်ပွဲကို ငွေကုန်ကြေးကျ အမြောက်အများခံကာ ပြုလုပ်ခဲ့လေသည်။ အမေရိကန်၏ စီးပွားရေး အကူအညီပေးရေးစီမံကိန်း ဖြစ်သော အီး-စီ-အေ အကူအညီဖြင့် ကေ-တီ-အေ ကုမ္ပဏီ၏ အစီရင်ခံစာအပေါ် အခြေခံကာ ပြည်တော်သာစီမံကိန်းဟူသော ကြွေးကြော်သံဖြင့် ပြုပြင်ရေး လုပ်ငန်းများကို စတင်အကောင်အထည် ဖော်လုပ်ဆောင်လာသည်။ ဤသို့ဖြင့် ပြည်သူလူထုကြီး တစ်ရပ်လုံးသည် ဖ-ဆ-ပ-လ ၏ နည်းပရိယာယ် ကြွယ်ကြွယ်ဖြင့် လှည့်စားမှိုင်းတိုက်မှု ခံခဲ့ကြရတော့သည်။

မွန်အမျိုးသားများသည် ဥပဒေတွင်း တိုက်ပွဲဝင် ခဲ့ကြစဉ်ကပင် ပြည်နယ်တောင်းဆိုချက်ခြင်း တူညီနေစေကာမူ မွန်လူမျိုးရေးရာအဖွဲ့ချုပ် နှင့် မွန်တိုင်းရင်းသားအစည်းအရုံးဟူ၍ အဖွဲ့အစည်းနှစ်ခု ရှိလာခဲ့ပေရာ လက်နက် ကိုင်တိုက်ပွဲသို့ ကူးပြောင်းသောအခါတွင်လည်း ဂိုဏ်းဂဏ စိတ်ကင်းစင်ခြင်း မရှိကြသေးပေ။ တနယ်၊ တဗိုလ်၊ တမင်း သဘောသက်ရောက်လျှက် ရှိခဲ့သည်။ မျိုးချစ်စိတ်ကိုသာ ရှေ့တန်းတင်ထား၍၊ နိုင်ငံရေးလမ်းစဉ်များမှာ မှေးမှိန်နေဆဲပင် ဖြစ်သည်။ ၁၉၅၂-ခုနှစ်၊ နှစ်ဦးပိုင်းတွင် နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့၊ နိုင်ထွန်းမောင်၊ နိုင်ထွန်းသိမ်း၊ နိုင်ငွေသိမ်း၊ မိဟံသာ၊ နိုင်စိန်ထွန်း တို့သည် မွန်တော်လှန်ရေး ဆက်ဆံရေးဗဟိုဌာန တစ်ခုကို ဖွင့်လှစ်ရန် သဘောတူညီချက်ကို ရရှိကြသည်။ သို့သော် ၄င်းဗဟိုဌာနသည် ရုပ်ပြမျှသာဖြစ်ခဲ့ပြီး ဒေသတိုင်းသို့ သြဇာသက်ရောက်မှု မရှိခဲ့ပေ။

မွန်တော်လှန်ရေး အားသစ်လောင်းခြင်း

၁၉၄၉-ခုနှစ်မှ ၁၉၅၂-ထိ ကရင်ခေါင်းဆောင်စောဖိုးချစ်၊ စောသာဒင်တို့နှင့်အတူ မော်လမြိုင်၊ မန္တလေး၊ ရွှေဘိုထောင်များတွင် သုံးနှစ်မျှ အထိန်းသိမ်းခံခဲ့ရသော နိုင်ဘလွင်သည် ထောင်မှလွတ်လာခဲ့ပြီး၊ ရန်ကုန်မြို့တွင် တစ်နှစ်ကျော် ခြေချုပ်ချထားခံရပြန်သည်။ ထို့နောက် ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကတိုးမှ ရေလမ်းခရီးဖြင့် တော်လှန်ရေးနယ်မြေသို့ ရောက်လာသည်။

ထိုစဉ်က မွန်တို့သည် မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် နှင့် ရေးမြို့ ကြားရှိ နယ်မြေကို ပင်လယ်ကမ်းခြေအထိ ထိန်းသိမ်းထားဆဲဖြစ်သည်။ ကေ-အမ်-တီ တပ်များ ရောက်လာသည်ကို အကြောင်းပြပြီး ဖ-ဆ-ပ-လ အစိုးရမှ ထိုနယ်မြေကို ထိုးစစ်ဆင်တော့သည်။ ကေ-အမ်-တီ တပ်များသည် အနည်းငယ်မျှသာ ခုခံပြီး ဆုတ်ခွာပေး လိုက်ကြသည်။ အစိုးရတပ်များ၏ ထိုးစစ်ကြောင့် မွန်ကျေးရွာများ နှင့် မွန်စာပေကျမ်းဂန်များ နောက်ဆုံးမှီ ကိန်းအောင်းရာ ဖြစ်သော ဘာသာ၊ သာသနာရေးဆိုင်ရာ အဆောက်အဦးများ မီးရှို့ ဖျက်ဆီးခံလိုက်ရသည်။ မွန်တို့ ထိန်းချုပ်ထားသော နယ်မြေသည်လည်း ကျုံ့ဝင်သွားရတော့သည်။

၁၉၅၃-ခုနှစ်၊ မတ်လတွင် အစိုးရ၏ ထိုးစစ်များကြားမှပင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်မှ မွန်ခေါင်းဆောင်များသည် ကျိုက္ခမီမြို့နယ် (ယခုသံဖြူဇရပ်မြို့ နယ်) ဝဲခမိကျေးရွာအနီး စခန်းတနေရာတွင် ဂိုဏ်းဂဏဖြစ်မှုများ ကင်းစင်ရှင်းလင်းသွားစေရန် ရင်ဖွင့်ဆွေးနွေးညှိနှိုင်းကြပြီး မွန်တော်လှန်ရေးကို စနစ်တကျ ရှေ့ဆောင် သွားနိုင်ရန် “မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု” ကို ဖွဲ့စည်းတည်ထောင်ပြီး ဗဟိုကော်မတီများကို ရွေးချယ်ခဲ့ကြသည်။ ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် နိုင်အောင်ထွန်း၊ ဒုဥက္ကဋ္ဌ နိုင်ထွန်းမောင်၊ အထွေထွေအတွင်းရေးမှူးနိုင် ထွန်းသိမ်း၊ ကာကွယ်ရေး၊ စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေးမှူး နိုင်ရွှေကျင်တို့ ဖြစ်ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များမှာ နိုင်ငွေသိန်း၊ နိုင်ပန်းသာ၊ နိုင်ဆိတ်နို့၊ နိုင်အောင်တင် တို့ ဖြစ်ကြသည်။ (နိုင်ဘလွင်မှာ တော်လှန်ရေးနယ်မြေသို့ ရောက်သောအခါ နိုင်ရွှေကျင်ဟု အမည်ပြောင်းထားသည်။)

ဗဟိုကော်မတီအစည်းဝေးမှ မွန်တော်လှန်ရေးအစိုးရဖွဲ့စည်းပြီး အခြေခံမူဝါဒလမ်းစဉ်ကို ပြည်တွင်းပြည်ပသို့ ကြေငြာရန် ဆုံးဖြတ်ကြသည်။ မွန်တော်လှန်ရေး အင်အားစုများအားလုံး တစ်ခုတည်းသော နိုင်ငံရေး၊ စစ်ရေး ဗဟိုချုပ်ကိုင်မှုအောက်တွင် လှုပ်ရှားသွားရန်ကိုလည်း ဆွေးနွေးဆုံးဖြတ်ကြသည်။ လက်လှမ်းမှီရာ ဒေသတိုင်းတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးတို့ကို စနစ်တကျ တိုးတက်ကြီးထွားလာစေရန် ပြန်လည်စည်းရုံးရေးလုပ်ရန် ဆုံးဖြတ်ကြသည်။ ဖာပွန်မြို့ ပေါ်ရှိ မဟာမိတ်ကော်သူလေးဌာနချုပ်သို့ ဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးညှိနှိုင်းရန် နိုင်ရွှေကျင်ခေါင်းဆောင်သော မိတ်ဆက်အဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ကြသည်။

၁၉၅၄- နှစ်ဦးပိုင်းတွင် မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကို ဖျက်သိမ်းပြီး မွန်ပြည်သူ့တပ်ဦးကို ထူထောင် လိုက်သည်။ မွန်ပြည်သူ့တပ်ဦး၏ ရှေ့ဆောင်မှုဖြင့် မွန်တော်လှန်ရေးအင်အားစု များစုစည်းညီညွတ်လာသည်ကို မွန်လူထုတစ်ရပ်လုံးက ကောင်းချီးသြဘာ ပေးကြသည်။ တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ကြသည်။ မွန်တော်လှန်ရေး အခြေအနေသည် နိုင်ငံရေးအသွင် ပိုဆောင်လာပြီး စစ်ရေးအရလည်း ပိုမိုလှုပ်ရှားနိုင်လာသည်။

ဥပဒေတွင်း မွန်လူထုကြီး မွန်ပြည်နယ်ရရှိရေး တောင်းဆိုချက်သည်လည်း ပိုမို အသံကျယ်လောင်လာတော့သည်။ မွန်တို့၏ တော်လှန်ထကြွမှုကို လက်နက်အင်အားသုံးပြီး မတားဆီးနိုင်တော့သည့်အဆုံးတွင် ဖ-ဆ-ပ-လ အစိုးရသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအခြေခံမူပေါ်တွင် သွေးစည်းညီညွတ်စွာ တောင်းဆို တိုက်ပွဲဝင်လာကြသော မွန်ပြည်သူတရပ်လုံးအား ပြိုကွဲတွေဝေသွားစေရန် မွန်ယဉ်ကျေးမှု ပြပွဲပြိုင်ပွဲများ ခင်းကျင်းပြသစေခြင်း၊ အနှစ်သာရမရှိသော မွန်ရေးရာဌာနကို ဖွင့်လှစ်ခြင်း၊ လက်ပါးစေမွန်အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်းဖြင့် မှိုင်းတိုက်ခဲ့ပေသည်။

၁၉၅၄-ခုနှစ် ပထမနှစ်ဝက်အတွင်း ကေအမ်တီ (တရုတ်ဖြူ) တပ်များသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်အရ နယ်စပ်မြို့ဖြစ်သော မြဝတီမြို့မှတစ်ဆင့် ထိုင်ဝမ်ကျွန်းသို့ ပြန်ကြသည်။ ၄င်းတို့ ပြန်သွားပြီးနောက် မွန်ပြည်သူတပ်ဦးအတွင်းတွင် ပြည်ပမဟာမိတ် သတ်မှတ်ရေးနှင့် ပါတ်သက်၍ အယူအဆ ကွဲပြားခဲ့ကြသည်။ ရဲဘော်စိတ် အပြည့်အဝဖြင့် စိတ်ရှည်လက်ရှည် ညှိနှိုင်းခဲ့ကြသဖြင့် တွေ့ကြုံနေရသော အကြပ်အတည်းကို ကျော်လွန်နိုင်ခဲ့သည်။ ၁၉၅၆-ခု နှစ်ဦးပိုင်းတွင် အဓိကဘုံရန်သူကို ဖယ်ရှားထိုးနှက်ဖယ်ပစ်ရန် ပြည်တွင်းတော်လှန်ရေး အင်အားစုများ၏ တော်လှန်ရေး တပ်ပေါင်းစုတရပ် လိုအပ်သည်ဟူသော သဘောတူညီချက်ကို ရရှိကြလေသည်။

အထက်ပါ ဆုံးဖြတ်ချက်နှင့်အညီ ၁၉၅၇-ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်ယူပါတီ နှင့် မွန်ပြည်သူ့တပ်ဦး သုံးဖွဲ့ပါဝင်သော ဆွေးနွေးညှိနှိုင်းပွဲတရပ်ကို ပဲခူးရိုးမတောင်ခြေ၊ စိမ်းသာယာစခန်းတွင် ပြုလုပ်ပြီး သုံးဖွဲ့ပူးတွဲ ဗဟိုကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်ဇင်၊ ရဲဘော်မြ နှင့် ဗိုလ်ညွန့်မောင်၊ ကေအဲန်ယူဗဟိုမှ စောမျိုးသွေး၊ ဗိုလ်သန်းအောင် နှင့် မွန်ပြည်သူ့တပ်ဦးမှ နိုင်ရွှေကျင်၊ နိုင်အုန်းလှိုင် တို့က မိမိတို့ သက်ဆိုင်ရာဗဟိုကော်မတီ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြသည်။ သုံးဖွဲ့ ပူးတွဲဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် အပြန်အလှန် ကြီးကြပ်ရေး၊ အပြန်အလှန် အကူညီပေးရေးမူအရ ဖ-ဆ-ပ-လ အစိုးရအား နိုင်ငံရေးအရရော စစ်ရေးအရပါ ထိုးနှက် တိုက်ခိုက်နိုင်ခဲ့သည်။

သုံးဖွဲ့ ပူးတွဲဗဟိုကော်မတီသည် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးပြီး သူမနာကိုယ်မနာ ပြည်တွင်းငြိမ်းချမ်း ရေးကို ရယူနိုင်ရန် ဥပဒေတွင်း ဥပဒေပြင်ပ ပြည်သူလူထုကြီးအား ဆက်စပ်လှုပ်ရှားလာနိုင်စေရန် စွမ်းဆောင် နိုင်ခဲ့သည်။ မွန်တို့၏ မော်လမြိုင်မြို့ပေါ်တွင် နှစ်စဉ် ကျင်းပပြုလုပ်သော သာသနာ ၂၅၀၀ ပွဲတော်နှင့် တဆက်တည်း မွန်ပြည်နယ် ဖော်ထုတ်ပေးရေး လူထုဆန္ဒပြပွဲကြီးများကို ပြုလုပ်နိုင်ခဲ့သည်။ ဥပဒေတွင်း အတိုက်အခံ နိုင်ငံရေးအဖွဲ့ဖြစ်သော ပ-မ-ည-တ သည်လည်း သွေးမြေကျခံ၍ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေး၊ ပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေးများ ပြန်လည်ပေးရေး၊ လူမျိုးစုများ၏ အခွင့်အရေးများ အပြည့်အဝ ပေးရေးတို့ပေါ်တွင် အခြေခံသည့် လူထုဆန္ဒပြပွဲများကို တစ်နိုင်ငံလုံးအနှံ့အပြား ပြုလုပ်ခဲ့သည်။ လူငယ်၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့သည် ၄င်းဆန္ဒပြပွဲများတွင် မိမိတို့၏ နစ်နာချက်များကို ဖော်ထုတ် တောင်းဆိုသည့် ကြွေးကြော်သံများ ပိုစတာများဖြင့် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။

နိုင်ငံရေး အကွေ့အလှည့်

အခြေအနေ ယင်းကဲ့သို့ ရှိနေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ချမ်းအေးသည် ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက်ကွန်ဂရက်မှ ချမှတ်သော “လက်နက်ကိုင်တိုက်ပွဲဖြင့်သာ မဟုတ်ပဲ၊ ဥပဒေတွင်း ပါလီမာန်တိုက်ပွဲဖြင့်လည်း ဆိုရှယ်လစ်စနစ်သို့ ကူးပြောင်းနိုင်သည်” ဟူသော အယူအဆကို ကိုင်ဆောင်ကာ လက်နက်ချလိုက်သည်။ ၄င်းရေးသော စာတမ်းတစ်စောင်တွင် “လက်နက်နှင့်ဒီမိုကရေစီ လဲရေး” ကြွေးကြော်သံဖြင့် လက်နက်ကိုင်တိုက်ပွဲကို ရပ်ဆိုင်းပြီး၊ ဥပဒေဘောင်တွင်း ဒီမိုကရေစီတိုက်ပွဲ ဝင်ကြရန် လှုံ့ဆော်တိုက်တွန်းထားလေသည်။ လက်နက်ကိုင်တိုက်ပွဲ ဝင်နေသော ပြည်သူ့ရဲဘော် အဖွဲ့အတွင်းတွင် ဤအယူအဆကို လက်ခံသူ တနေ့တခြား များပြားလာသည်။ ဤလှုံ့ဆော်ချက်ကို အခွင့်ကောင်းယူ၍ ဖ-ဆ-ပ-လ အစိုးရသည် “လက်နက်ချ” အသုံးအနှုံးအစား စကားလုံးလှအောင် ရွေးချယ်ကာ “ဒီမိုကရေစီဘောင်အတွင်း အလင်းဝင်ပြီး မိမိတို့ ကြိုက်နှစ်သက်ရာ ဝါဒလမ်းစဉ်ကို ပြည်သူလူထုအား တင်ပြကြပါ” ဟု ဝါဒဖြန့်ခဲ့လေသည်။

ဤဝါဒဖြန့်မှုကြောင့်ပင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်နက်ကိုင် တိုက်ပွဲဆင်နွှဲခဲ့သော ပအိုဝ့်အမျိုးသား ဦးလှဖေ ခေါင်းဆောင်သော ပအိုဝ့်လွတ်လပ်ရေးအဖွဲ့ချုပ်သည် တိုက်ပွဲအသွင်ပြောင်းပြီး တစ်ဖွဲ့လုံး ဥပဒေဘောင်တွင်း ဝင်ခဲ့ကြလေသည်။

နိုင်ငံအဝှမ်း ပြည်သူလူထုကြီးက တခဲနက် အုံကြွဆန္ဒပြလာမှုကြောင့် ဖ-ဆ-ပ-လ အစိုးရ အုပ်ချုပ်သူ လူတန်းစားအတွင်း ကြီးမားစွာ ဂယက်ရိုက်ခတ်လာခဲ့သည်။ နယ်ချဲ့သမားထံမှ အကူအညီယူ၍ ပြည်တွင်းစစ်ကို အပြုတ်တိုက်လိုသူများ နှင့် ပြည်တွင်းစစ်ကို တနည်းနည်းဖြင့် ရပ်စဲလိုသူများ၊ ပြည်သူတို့၏ ဒီမိုကရေစီအခွင့် အရေးများကို ချုပ်ချယ်လိုသူများနှင့် ပိတ်ပင်ထားလိုသူများဟူ၍ သဘောထားကွဲလာသည်။ ပြေလည်အောင် ညှိနှိုင်း၍ မရနိုင်တော့သည့်အဆုံး ၁၉၅၈-ခုနှစ်၊ ဧပြီလတွင် ဆယ်နှစ်ဆယ်မိုး အာဏာရလာခဲ့သော ဖ-ဆ-ပ-လ အဖွဲ့သည် နှစ်ခြမ်းကွဲသွားလေတော့သည်။ ပြည်တွင်းစစ်ကို တနည်းနည်းဖြင့် ရပ်စဲလိုသော ဦးနု၊ သခင်တင်၊ ဦးအေးမောင်၊ သခင်ကျော်ထွန်း တို့ ဦးဆောင်သောအခြမ်းကို သန့်ရှင်း ဖ-ဆ-ပ-လ ဟု အမည်ပေးကြသည်။ ပြည်တွင်းစစ်ကို အပြုတ်တိုက်လိုသူများ ဖြစ်ကြသော ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ခေါင်းဆောင်သော အခြမ်းကို တည်မြဲ ဖ-ဆ-ပ-လ ဟု အမည် ပေးကြသည်။ ၁၉၅၈-ခုနှစ်၊ ဇွန်လ ပါလီမာန်တွင် ဤနှစ်ဖွဲ့အနက်မှ အစိုးရ တက်လုပ်ရန် မဲခွဲကြသောအခါ ဖ-ဆ-ပ-လ အမတ်ချည်းသာ ဆိုလျှင် သန့်ရှင်း ဖ-ဆ-ပ-လ ရှုံးမည်ဖြစ်သည်။ သို့သော် အတိုက်အခံ ပ-မ-ည-တ အမတ်များနှင့် ဦးကျော်မင်း ခေါင်းဆောင်သော ရခိုင်အမတ်များက မဲပေးကြသဖြင့် ဦးနု ခေါင်းဆောင်သော သန့်ရှင်း ဖ-ဆ-ပ-လ မှပင် အနိုင်ရ၍ အစိုးရအဖွဲ့ ဖွဲ့လေသည်။ သန့်ရှင်း ဖ-ဆ-ပ-လ ၏ ပျော့ပြောင်းသော အယူအဆပေါ်တွင် ပ-မ-ည-တ မှ ထောက်ခံခဲ့ခြင်း ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ဖော်ထုတ်ပေးမည်ဟု ဦးနု ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုး ကတိပြုသောကြောင့် ရခိုင်အမတ်များက ထောက်ခံခဲ့ကြခြင်း ဖြစ်လေသည်။

သန်းရှင်း ဖ-ဆ-ပ-လ အစိုးရ တက်လာသောအခါ ဒီမိုကရေစီ အာမခံချက် ပြည့်စုံခိုင်လုံမှုလည်း မရှိသော၊ တွေ့ဆုံစေ့စပ်ဆွေးနွေးခြင်းလည်း မရှိသော၊ အပေါ်စီးယူထားသည့် ပြည်တွင်းစစ် ရပ်စဲရေးမူကို ကြေငြာခဲ့လေသည်။ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်ပတ်သက်၍ အကယ်၍ မွန်လူထု၊ ရခိုင်လူထုတို့က အမှန်တကယ် ပြည်နယ်လိုလားကြလျှင် မိမိအနေနှင့် ဝိုင်းဝန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးနု က ကတိပြု ကြေငြာခဲ့လေသည်။

ဤသို့ အုပ်စိုးသူလူတန်းစားအချင်းချင်း ပဋိပက္ခဖြစ်၍ ကွဲပြဲနေခိုက်တွင် အဖိနှိပ်အချယ်လှယ်ခံနေရသော အင်အားစုများ တစုတစည်းတည်း တိုက်ပွဲဝင်ရမည့်အစား ၁၉၅၈-ခုနှစ်၊ ဇူလိုင်လတွင် နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့၊ နိုင်အောင်တင်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိမ်း၊ နိုင်သိမ်းမောင် စသည့် မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီနှင့် လက်နက်ကိုင်တပ်ဖွဲ့အများစုတို့သည် လက်နက်ချလိုက်ကြပြီး ဥပဒေတွင်း ရပ်တည်ခွင့်ကို ရယူလိုက်ကြလေသည်။ ထိုနှစ်သြဂုတ်လတွင် ပြည်သူ့ရဲဘော်အဖွဲ့မှလည်း အများစု လက်နက်ချခဲ့ကြသည်။ သုံးဖွဲ့ ပူးတွဲဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သော မွန်ပြည်သူ့တပ်ဦး ဥပဒေတွင်း ဝင်သွားခဲ့ခြင်းဖြင့် ကျန်ကေအဲန်ယူပါတီနှင့် ဗမာပြည်ကွန်မြူနစ်ပါတီနှစ်ဖွဲ့တွင်း ဂယက်ရိုက်ခတ် စိတ်ဓါတ်ကျစေပြီး အများအပြား လက်နက်ချသွားကြစေသည်။

တော်လှန်ရေးတစ်ကွေ့တွင် ဤကဲ့သို့ ဖြစ်သွားခြင်းကြောင့် လူမျိုးပေါင်းစုံ ပြည်သူလူထုတိုက်ပွဲကြောင့် နီးကပ်လာနေသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးကို ရှည်ဝေးအားနည်းစေခဲ့သည်။ ပြည်တွင်းဖောက်ပြန်ရေး သမားများအဖို့ ပြည်သူလူထုအပေါ် လုပ်ကြံရန် အခွင့်အလန်း သာစေခဲ့သည်။ သို့နှင့် ဆွေငြိမ်းတို့နှင့် အလိုတူအလိုပါ တပ်မှူးအချို့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ကာ ပါလီမာန်ဒီမိုကရေစီ အစိုးရအား စစ်တပ်ဖြင့် ခြမ်းခြောက်ဖြုတ်ချလျက် လွှတ်တော်ပြင်ပမှ ပုဂ္ဂိုလ်များသာ ပါဝင်သော ပထမ ဗိုလ်ချုပ်နေဝင်းအစိုးရကို ၁၉၅၈-ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည့် အဖြစ်သို့ ရောက်ရှိသွားစေတော့သည်။

မွန်တော်လှန်ရေး ရွက်သစ်လဲပြီ

မွန်ပြည်သူ့တပ်ဦး ဥပဒေတွင်းဝင်စဉ်က သုံးဖွဲ့ပူးတွဲဗဟိုကော်မတီဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသော မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်ရွှေကျင်သည် ဗဟိုကော်မတီနှင့် အယူအဆချင်း မတူညီသဖြင့် လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် စိုင်းပြင်းခဲ့သည်။ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် လက်နက်ကိုင်တိုက်ပွဲကို ထောက်ခံကြသော ရဲဘော်များအား ပြန်လည်စုစည်းပြီး မွန်တော်လှန်ရေးကို ရှေ့ဆောင်ရန် မွန်ပြည်သစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

လက်နက်ကိုင် အင်အားစုများ ယာယီအင်အားလျော့ပါးလာသည်ကို အခွင့်ကောင်းယူ၍ ဗိုလ်နေဝင်းစစ် အစိုးရသည် နှစ်နှစ်အတွင်း ငြိမ်းချမ်းရေး အရယူပေးမည်ဟူသော ကြွေးကြော်သံဖြင့် တော်လှန်ရေးအင်အားစု များကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်တွင် ရှမ်းအမျိုးသားများသည် တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အရေးဆိုတိုက်ပွဲဝင် နေကြပြီဖြစ်သည်။ ရှမ်းအမျိုးသားလက်နက်ကိုင်တပ်များလည်း အလျှိုလျှို ပေါ်လျှက်ရှိလာသည်။ ဗိုလ်နေဝင်း အစိုးရတပ်များသည် ရှမ်းအမျိုးသားများကို ပြင်းထန်စွာ ဖိနှိပ်တိုက်ခိုက်ခဲ့သည်။ ဥပဒေတွင်းတွင် စောခွန်ချိုခေါင်းဆောင်၍ ဥပဒေပတွင် စိုင်းထွန်းအေး၊ စဝ်စိုင်းပန်း၊ စိုင်းနာခမ်း၊ ဗိုလ်ချုပ်စောနွဲ့၊ ဗိုလ်မိုးဟိန်း၊ ဗိုလ်မောင်မောင်တို့က ခေါင်းဆောင်ကြသည်။

ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်ဇော်ဆိုင်း၊ ဗိုလ်ချုပ်ဇော်တူး ညီအစ်ကိုတို့သည် တန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် စည်းရုံးနေကြသည်ကို ဗိုလ်ချုပ်နေဝင်းတပ်က လိုက်လံဖမ်းဆီးနှိမ်နှင်းနေခဲ့လေသည်။ အရှိန်ရလာသောအခါ ကချင်လွတ်မြောက်ရေးတပ်မတော်သည် အင်အားတစ်သောင်းကျော်လာခဲ့သည်။

ဤသို့သော ဖြစ်ပေါ်တိုးတက်မှု အခြေအနေအောက်တွင် ၁၉၅၉-ခုနှစ်၊ သြဂုတ်လအတွင်း၌ ဗမာပြည် ကွန်မြူနစ်ပါတီမှ သခင်ဇင်၊ ရဲဘော်ဌေး၊ ဗိုလ်ရဲမောင်၊ ကေအဲန်ယူပါတီမှ မန်းဘဇံ၊ ဆရာသာမြိုင်၊ ဗိုလ်ချုပ်ကော်ထူး၊ စောမျိုးသွေး နှင့် မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်တို့သည် ကေအဲန်ယူဌာနချုပ်စခန်းတွင် ဆွေးနွေးညှိနှိုင်းပြီး၊ အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မ-ဒ-ည-တ) ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ယင်းနောက် များမကြာမီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နှင့် ချင်းဦးစီးအဖွဲ့တို့သည် မ-ဒ-ည-တ တွင် ပါဝင်လာကြသည်။ လက်နက်ကိုင် တော်လှန်ရေးတံခွန်ကို စုစုစည်းစည်းမားမားမတ်မတ် ပြန်လည်လွှင့်ထူ နိုင်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုများအတွင်းမှာ သာမက ပြည်သူလူထုအတွင်းမှာပါ အားတက်သရော ဖြစ်လာကြသည်။

ပြည်သူလူထုကြီးသည် အဖိနှိပ်ခံနေရသည့်ကြားမှ ရသမျှအခွင့်အရေးကို ယူကာ စစ်အာဏာရှင်အစိုးရအား ဆန့်ကျင်ကြ၍ ပါလီမာန်ဒီမိုကရေစီ ထွန်းကားရေးအတွက် တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်။ ဤဖြစ်ရပ်များကြောင့် စစ်တပ်တွင်းရှိ ပြည်သူ့ဘက်တော်သား တပ်မှူးတပ်သားတို့သည် အားတက်သရော ဖြစ်လာကာ စစ်အာဏာရှင်အစိုးရ စိုးမိုးရေးကို ဆန့်ကျင်ခဲ့ကြသည်။ စစ်အစိုးရသည် ဤကဲ့သို့ အဖက်ဖက်မှ အကြပ်ကိုင် ခံရမှုကြောင့် အချိန်မဆွဲနိုင်တော့ပဲ အာဏာသိမ်းပြီး တစ်နှစ်နှင့်ခြောက်လအကြာတွင် ရွေးကောက် ပွဲကို ကျင်းပပေးခဲ့လေသည်။

မွန်တို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့သော လွတ်မြောက်နယ်မြေများသည် မွန်ပြည်သစ်ပါတီကို စတင်တည်ထောင်ချိန်တွင် မရှိသလောက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ကျန်နယ်မြေများကို မဟာမိတ်ကော်သူးလေတပ်များ၏ ယာယီဝိုင်းဝန်းထိန်းသိမ်းပေးမှုဖြင့် မွန်တော်လှန်ရေးကို ဆက်လက်အသက်သွင်း လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခက်အခဲ အကြပ်အတည်းအမျိုးမျိုးကြားမှ မွန်လူထု၏ အနိုင်မခံ အရှုံးမပေးလိုသော ဆန္ဒကြောင့်သာလျှင် မွန်ပြည်သစ်ပါတီသည် ဆက်လက်ရပ်တည် တိုက်ပွဲဝင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

၁၉၆၀-ခုနှစ်၊ ရွေးကောက်ပွဲတွင် အာဏာအသိမ်းခံရသော သန့်ရှင်း ဖ-ဆ-ပ-လ မှ ပြည်ထောင်စုအဖွဲ့ အမည်ဖြင့် အရွေးခံသည်။ တည်မြဲက ဖ-ဆ-ပ-လ အမည်ဖြင့် အရွေးခံသည်။ ပ-မ-ည-တ မှလည်း အရွေးခံသည်။ ရွေးကောက်ပွဲ မတိုင်မီတွင် မ-ဒ-ည-တ မှ ရွေးကောက်ပွဲအပေါ် သဘောထားကို ထုတ်ပြန်ကြေငြာခဲ့ရာ၌ “ဖောက်ပြန်ရေးသမားများအား ဝိုင်းပယ်၍ ဒီမိုကရေစီအင်အားစုများအား မဲဆန္ဒပေးကြရန်” လှုံ့ဆော်တိုက်တွန်းခဲ့သည်။ ရွေးကောက်ပွဲတွင် စစ်တပ်မှ အမျိုးမျိုး နှောက်ယှက် ခြိမ်းခြောက်ခဲ့သော်လည်း ပြည်ထောင်စုအဖွဲ့မှ မဲအပြတ်အသတ် နိုင်၍ အစိုးရဖွဲ့နိုင်ခဲ့သည်။ မွန်အမျိုးသားတို့သည် မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်သွားသည်ကို မနှစ်မြို့ကြသော်လည်း ၁၉၄၇-ခုနှစ် ရွေးကောက်ပွဲကို သင်ခန်းစာယူ၍ လွှတ်တော်တွင် မွန်ကိုယ်စားလှယ် ရရှိရေးအတွက် မဲပေးကြရာ ပြည်သူ့လွှတ်တော် အမတ်များအဖြစ် နိုင်အောင်ထွန်း၊ မွန်ဦးဖိုချို၊ နိုင်ဖိုးစိန် တို့ အရွေးခံကြရပြီး၊ လူမျိုးစုလွှတ်တော် အမတ်အဖြစ် နိုင်အောင်လှငွေ အရွေးခံရသည်။

စစ်တပ်မှအာဏာပြန်သိမ်းခြင်း

ပထစအစိုးရသည် ပြည်သူတို့၏ လိုအင်ဆန္ဒဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးကို လျှစ်လျူရှုခဲ့သဖြင့် ပြည်ထောင်စုအဖွဲ့အတွင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ရယူလိုသူများနှင့် ပြည်တွင်းစစ်ကို အပြုတ်တိုက်လိုသူများ ဟူ၍ နှစ်ပိုင်းကွဲလာပြန်သည်။ ၁၉၆၂-ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းတွင် ပထစအဖွဲ့၏ ညီလာခံကို ကျင်းပခဲ့ရာ ပြည်တွင်းငြိမ်းချမ်းရေးကို ရယူလိုသူများဘက်မှ အနိုင်ရလေသည်။ အနိုင်ရသည့်ဘက်မှ အစိုးရတာဝန်ကို လွှဲပြောင်းမရယူနိုင်မီ ချက်ကောင်းစောင့်နေသောစစ်အာဏာရှင် ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်တစုတို့သည် တိုင်းပြည်၏ ယိုယွင်းလာသော အခြေအနေကို ထိန်းသိမ်းရန်ဟု အကြောင်းပြကာ ၁၉၆၂-ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီ အမည်ခံပြီး ဒုတိယအကြိမ်မြောက် အာဏာသိမ်းယူလိုက်လေသည်။

ထိုစဉ်က လူမျိုးစုနှီးနှောဖလှယ်ပွဲ ဖက်ဒရယ်မူ ဆွေးနွေးပွဲ ကျင်းပနေစဉ် ဖြစ်ရာ နောက်သုံးရက်အကြာတွင် ရခိုင်ပြည်နယ် ဖော်ထုတ်ရေး ဥပဒေကြမ်းကို အတည်ပြုရန် စီစဉ်ထားကြပြီးဖြစ်သည်။ မွန်အမတ်များက မော်လမြိုင်ခရိုင်၊ သထုံခရိုင်နှင့် နီးစပ်ရာဒေသများကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် မွန်ပြည်နယ် ဖော်ထုတ်ရေးကော်မတီကို တင်ပြသည်။ သို့သော် မွန်ပြည်နယ်ကိစ္စမှာ ပထမအချို့အမတ်များ၏ ကန့်ကွက်မှုကြောင့် မတင်မကျ ဖြစ်နေခဲ့သည်။ ကချင်၊ ကယား၊ ချင်း၊ ရှမ်း လူမျိုးစုများကလည်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းရန် စိုင်းပြင်းနေကြစဉ် အာဏာသိမ်းခြင်းသည် လူမျိုးစုများ၏ အုံကြွလာမှုကို လှီးလွှဲလိုက်ခြင်းပင် ဖြစ်သည်။

အာဏာသိမ်းသည်နှင့် တပြိုင်နက် ဝန်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးတို့အား ထိန်းသိမ်းလိုက်သည်။ ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေကို ရုပ်သိမ်းလိုက်သည်။ တရားလွှတ်တော်ချုပ၊် တရားရေးဝန်ကြီးများကို နှုတ်ထွက်စေပြီး အသစ်ပြန်ခန့်သည်။ ကျောင်းသားများက ကန့်ကွက်ဆန္ဒပြကြသည်ကို ရက်စက်စွာ သတ်ဖြတ်ပြီး တက္ကသိုလ် နှင့် ကောလိပ်ကျောင်းများကို ပိတ်လိုက်သည်။ သို့ဖြင့် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးကို ဟန့်တား၍ စစ်အာဏာရှင်စနစ်ကို ထူထောင်လိုက်လေသည်။ တဆက်တည်းတွင် နိုင်ငံခြားသားပိုင်၊ အမျိုးသားပိုင် ဟူ၍ မခွဲခြားတော့ဘဲ စီးပွားရေး လုပ်ငန်းအရပ်ရပ်ကို စစ်တပ်မှ လက်ဝါးကြီးအုပ်ရန် ပြည်သူပိုင်အဖြစ် သိမ်းပိုက်လိုက်ပြီး နိုင်ငံတော် အရင်းရှင်စနစ်ကို ထူထောင်လိုက်လေသည်။

စစ်အာဏာရှင်စနစ်ကို လူမျိုးစုံပြည်သူတို့သည် နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်။ အခြေအနေကို ထိန်းသိမ်းနိုင်ရန် နှင့် ငြိမ်းချမ်းရေးကို တကယ်လိုလားလေဟန် ပြုရန်အတွက် ၁၉၆၃-ခုနှစ်၊ ဇွန်လတွင် စစ်အစိုးရမှ တော်လှန်ရေး အင်အားစုအားလုံးတို့အား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ မ-ဒ-ည-တ အဖွဲ့အစည်းများကို သီးခြားစီ တွေ့ဆုံပြီး ပြန်လွှတ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအဲန်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နှင့် ချင်းဦးစီးအဖွဲ့တို့ကို မ-ဒ-ည-တ အဖွဲ့ဝင်များအဖြစ် တစုတပေါင်းတည်း တွေ့ဆုံသည်။ တွေ့ဆုံဆွေးနွေးရေးမှာ စစ်နိုင်သူက စစ်ရှုံးသူအပေါ် ပြုမူသကဲ့သို့ တဖက်သတ် အပေါ်စီးယူထားသော တင်ကြိုစည်းကမ်းသတ်မှတ်ချက်များဖြင့် အပစ်အခတ်ရပ်စဲစေသဖြင့် ပျက်ပြားခဲ့လေသည်။

တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နေစဉ် ဥပဒေတွင်း အဖွဲ့အစည်းများ စုပေါင်း၍ ပြည်သူ့ကော်မတီဖွဲ့စည်းကာ နယ်အသီးသီးမှ ချီတက်ပြီး ရန်ကုန်မြို့ ပေါ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ရလိုကြောင်း ဆန္ဒပြကြရာ လူထုတစ်သိန်း (၁၀၀၀၀၀) ကျော် ပါဝင်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြားသွားသောအခါ စစ်အစိုးရသည် အနယ်နယ်အရပ်ရပ်မှ ပြည်သူ့ကော်မတီ ခေါင်းဆောင်များနှင့် အတိုက်အခံအဖွဲ့အစည်းများမှ ခေါင်းဆောင်များကို အစုလိုက် အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းလေသည်။ လူဖမ်းပွဲကြီး ပြီးနောက် ၁၉၆၄-ခုနှစ်တွင် နိုင်ငံရေးအဖွဲ့အစည်းမှန်သမျှကို ဖျက်သိမ်းစေပြီး တစ်ပါတီအာဏာစနစ်ကို ထူထောင်လိုက်သည်။ တိုင်းပြည်တွင် ဒီမိုကရေစီလုံးဝ ဆိတ်သုဉ်းသွားလေတော့သည်။

စစ်အစိုးရ၏ ဖောက်ပြန်သော စီးပွားရေးမူများအရ ရောင်းဝယ်ဖောက်ကားမှုအားလုံး ခေါင်းရွက်ဗျတ်ထိုးပါမကျန် အသက်မွေးဝမ်းကျောင်း ရှာဖွေစားသောက်ရန် အကြပ်အတည်း အမျိုးမျိုးနှင့် ရင်ဆိုင်လာကြရသည်။ ကျပ်(၁၀၀) တန် နှင့် ကျပ် (၅၀) တန် ငွေစက္ကူများကို တရားဝင်အဖြစ်မှ ရပ်စဲလိုက်သဖြင့် ပြည်သူလူထု တရပ်လုံးမှာ ငွေကုဋေပေါင်းများစွာ ဆုံးရှုံးနစ်နာကြရပေသည်။လယ်ယာမြေချထားရေး၌လည်း “လယ်လုပ်သူ လယ်မပိုင်ရေး” မူပေါ်တွင် အခြေခံထားသဖြင့် လယ်သမားများမှာ စစ်အစိုးရ၏ သီးစားများ ဖြစ်လာကြသည်။ လယ်သမားများ၏ ချွေးနဲ့စာဖြင့် ထွက်ရှိလာသော စပါးများကို ဝမ်းစာစပါးနှင့် မျိုးစပါးအတွက်သာ ထားစေပြီး ကျန်စပါးများကို စစ်အစိုးရဒိုင်များသို့ အားလုံးပေးသွင်းရသည်။ စက်ရုံအလုပ်အမားများသည် အခမဲ့ အချိန်ပိုလုပ် အားပေးရသဖြင့် အစွမ်းကုန် သွေးစုပ်ခံကြရပေသည်။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရုံစက်ရုံများမှ ထွက်ကုန်များ လျှော့နည်းလာသဖြင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ကာ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်းမှာ လျှောကျနိမ့်ဆင်းလာတော့သည်။

စီးပွားရေးအကြပ်အတည်းကြောင့် လူထုအုံကြွလာမည်ကို ကြိုတင်ကာကွယ်ရန် အမ်-အိုင်-အက်(စ်) ခေါ် စစ်စုံထောက်များ နေရာအနှံ့အပြား ချထား၍ လူထုအား ကျီးလန့်စာစား ဖြစ်နေအောင်ဖန်တီးထားလေသည်။

ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်စားသောက်သူများသည် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိသွားကြသည်။ လယ်သမားများသည် သီးနှံများကို ဝမ်းစာလောက်သာ စိုက်ပျိုးကြပြီး မိမိတို့ စားဝတ်နေမှုကို အထောက်အကူ ပြုနိုင်ရေးအတွက် ရရာလုပ်ငန်းများကို ကြံဖန်လုပ်ကိုင်စားသောက်ကြရတော့သည်။ ကုန်ကြမ်းမရ၍ လည်းကောင်း၊ စက်အပိုပစ္စည်း မရ၍လည်းကောင်း၊ စက်ရုံအလုပ်ရုံအများအပြားကို ပိတ်ပစ်ရသဖြင့် အလုပ်အမားများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။ လူသုံးကုန်ပစ္စည်း ရှားပါးသည်နှင့်အမျှ နီးစပ်ရာ ပါကစ္စတန်၊ အိန္ဒိယ၊ ထိုင်း စသည့်နိုင်ငံများမှ ကုန်ပစ္စည်းအမျိုးမျိုးကို မှောင်ခိုသွင်းယူရောင်းစားခြင်းဖြင့် လူတန်းစားအသီးသီးတို့သည် မိမိတို့ဘဝ ရပ်တည်ရေးကို သက်စွန့်ဆံဖျား ရှာဖွေလုပ်ကိုင်စားသောက်ကြရသည့် အခြေအနေသို့ ရောက်ရှိသွားကြလေသည်။

တိုင်းပြည်၏ သယံဇာတပစ္စည်းဖြစ်သော ဆန်၊ သစ်၊ သတ္တု စသည်တို့ကို နိုင်ငံခြားသို့ အရောင်းရ နဲလာသောကြောင့် နိုင်းခြားဝင်ငွေ နည်းလာသည်။ စစ်အစိုးရသည် သုံးငွေစာရင်း လိုလာသည်ကို ကာမိစေရန် ကျန်ရှိသော စီးပွားရေးလုပ်ငန်းအားလုံးတို့်ကို ပြည်သူပိုင်သိမ်းပြန်သည်။ အလုပ်လက်မဲ့ ဖြစ်လာသော တရုတ်၊ ကုလား ၊ အမျိုးသားတို့ကို နိုင်ငံရင်းဖြစ်သော ပါကစ္စတန်၊ အိန္ဒိယ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မိမိတို့ သွားလိုရာ တိုင်းပြည်သို့ ပြန်ခိုင်းသည်။

၁၉၆၇-ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်လာသောအခါ စပါးအထွက်နည်း၍ ဆန်ရှားပါးလာသောကြောင့် ဆန်ရရှိရေးအတွက် ရခိုင်တိုင်းစစ်တွေမြို့တွင် ဆန္ဒပြသော လူထုအား စစ်တပ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ရာ အတုံးအရုံး သေကြေကြလေသည်။ နိုင်ငံအနှံ့အပြားတွင်လည်း ဆန်ရှားပါးသဖြင့် မှောင်ခိုဈေးနှုန်းတွင် အစိုးရအမှုထမ်း အရာထမ်းများပင် ဆန်တစ်တင်း ကျပ် ၁၀၀ မှ ၁၅၀ အထိ ပေး၍ ဝယ်စားရသည်။

ဆန်အကြပ်အတည်းကို လှီးလွှဲရန်အတွက် ဖောက်ပြန်သော စစ်အစိုးရသည် တရုတ်လူငယ်ကျောင်းသားများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်ကြီး မော်စီတုန်း၏ ရင်ထိုးတံဆိပ်ကို အသုံးပြုလာသည်ကို အကြောင်းပြု၍ တရုတ်ဗမာအရေးအခင်း ဖြစ်ပေါ်လာအောင်ဖန်တီးခဲ့လေသည်။ တရုတ်အမျိုးသားများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာအများအပြား ဆုံးရှုံးမှုကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးတင်းမာသည့် အခြေအနေသို့ပင် ဆိုက်ရောက်ခဲ့သည်။ မွန်ပြည်သစ်ပါတီ အပါအဝင် ထိုစဉ်က မ-ဒ-ည-တ အဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို ပီကင်းအသံလွှင့်ဌာနမှ ပြောင်ပင်ကြေငြာပေးနေခဲ့သည်။

၁၉၆၈-ခုနှစ်တွင် စစ်အစိုးရသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး နှင့် လူမျိုးရေးအကြပ်အတည်းများနှင့် ပိုမိုရင်ဆိုင်လာရသည်။ လူမျိုးစုံ ပြည်သူလူထုအား လှည့်စားမှိုင်းတိုက်ရန်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်မည်ဟု အကြောင်းပြကာ နိုင်ငံရေးသမား (၃၃) ဦး ပါဝင်သော အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြန်သည်။ ၄င်းအဖွဲ့မှ ပေးသော အကြံဥာဏ်များကို အခြေပြုပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြီး တိုင်းပြည်၏ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်မည်ဟု ထုတ်ပြန်ကြေငြာခဲ့လေသည်။

ဤလုပ်ရပ်သည် ၄င်းအကြံပေးအဖွဲ့မှ အကြံပေးချက်အပေါ် မိမိအကျိုးစီးပွား မထိပါးစေသော၊ မိမိအတွက် အကျိုးရှိသော အကြံဥာဏ်များကို ယူပြီး အာဏာတည်မြဲရေးအတွက် ကြိုးပမ်းချက်တစ်ခု မျှသာဖြစ်သည်။ ဤသည်ကိုပင် “အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက်” ဟု တိုင်းပြည်အားလှည့်စားမှိုင်းတိုက် ခြင်းပင်ဖြစ်သည်။

၁၉၆၈-ခုနှစ်မှစ၍ လွတ်လပ်စွာ အသက်မွေးကြောင်းခွင့် မရနိုင်တော့သဖြင့် စစ်အစိုးရ လက်အောက်တွင် ဆက်လက်မနေလိုကြသော နိုင်ငံသားအသိပညာရှင်၊ အတတ်ပညာရှင်တို့သည် နိုင်ငံခြားတိုင်းပြည်များသို့ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရှာကြံ၍ ထွက်ခွာကြသည်။ သို့ဖြင့် နိုင်ငံတွင် ဦးနှောက်ကောင်းသူများ၏ လုပ်အားသည် လျှော့နည်းလာပြီး ဦးနှောက်ယိုစီးမှု ကြီးစွာဖြစ်ပေါ်လာခဲ့သည်။ စစ်အစိုးရ၏ တစ်ပါတီ အာဏာရှင်စနစ်ကို တိုက်ဖျက်ဖြုတ်ချလိုသော နိုင်ငံရေးသမားများ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည် ပြည်တွင်းပြည်ပ ဆက်စပ်၍ ခုခံတော်လှန်ရန် စိုင်းပြင်းပြင်ဆင်လာကြသည်။ ၄င်းတို့အနက် ထင်ရှားသူအချို့မှာ ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ် လကျာ်၊ ဦးသွင်၊ ဦးလောယုံ၊ ဗိုလ်ချုပ်ကြာဒိုး၊ ဗိုလ်ချုပ်ရန်နိုင် စသည်တို့ဖြစ်သည်။ အထက်ပါ ပုဂ္ဂိုလ်များသည် ထိုင်းနိုင်ငံတွင် ပါလီမာန်ဒီမိုကရေစီပါတီကို လျှို့ဝှက်ထူထောင်ကြပြီး လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေကြသော လူမျိုးစုအင်အားစုများနှင့် ညှိနှိုင်းခဲ့ကြလေသည်။ ၁၉၇၀-ခုနှစ်၊ မေလ(၅) ရက်နေ့တွင် ကေအဲန်ယူ အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီတို့နှင့် ပူးပေါင်းကာ အမျိုးသားဒီမိုကရေစီ လမ်းစဉ်ပေါ်တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ညီညွတ်ရေး နှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တ-ည-လ) ကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁-ခုနှစ် နိုဝင်ဘာလတွင် ချင်းဒီမိုကရေစီပါတီ နှင့် ရှမ်းမျိုးချစ်ပါတီတို့ ထပ်မံ ဝင်ရောက်အားဖြည့် ခဲ့ကြသည်။ တ-ည-လ တပ်ပေါင်းစုသည် တန်းတူသော၊ ဒီမိုကရေစီကျသော၊ ငြိမ်းချမ်းသာယာသော တိုးတက်ဖွံ့ဖြိုးသော၊ တိုင်းရင်းသားလူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုသမတ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မှန်ကန်သော လမ်းစဉ်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။

သို့ဖြင့် တ-ည-လ တပ်ပေါင်းစုဝင် အဖွဲ့အစည်းတိုင်း ခေတ်မီလက်နက်ကိုင် တပ်မတော်များ၏ အင်အားမှာ တစတစ ကြီးထွားလာခဲ့သည်။ အဖွဲ့လိုက် သီးခြားတိုက်ပွဲများ၊ ဆက်စပ်လှုပ်ရှားတိုက်ပွဲများနှင့် ပူးပေါင်းတိုက်ပွဲများသည် စစ်အစိုးရတပ်များအား တပ်စိတ်အလိုက်၊ တပ်စုအလိုက်၊ တပ်ခွဲအလိုက် ခြေမှုန်းနိုင်သော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ တ-ည-လ တပ်ပေါင်းစု၏ တိုက်ပွဲဝင် ရဲဘော်များသည် စိတ်ဓါတ်မြင့်မား စုစည်းညီညွတ်စွာ တိုက်ပွဲဆင်နိုင်လာကြသဖြင့် လူမျိုးစုံ ပြည်သူလူထုတို့မှလည်း အားတက်သရော ရှိလာကြကာ အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်လာကြသည်။ စစ်အာဏာရှင် အစိုးရတပ်များသည် တ-ည-လ တပ်များနှင့် ရင်ဆိုင်ရတိုင်း အထိနာလာကြသဖြင့် စိတ်ဓါတ်ကျဆင်းလာသည်။ တပ်သားများ စိတ်ဓါတ်ကျဆင်းလာသည်ကို ထိန်းသိမ်းနိုင်ရန်အတွက် ၄င်းတို့၏ အခြေခံစစ်စခန်းများတွင် ခံကတုတ်များ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးကျင်းများ တူးခြင်းတို့ကို ပြုလုပ်နေရလေသည်။ တပ်ရင်းအလိုက် ဒေသပြောင်းရွှေ့ခြင်းများလည်း လုပ်လာရသည်။

တ-ည-လ တပ်ပေါင်းစုဝင် မဟုတ်သော အခြားတော်လှန်ရေး အင်အားစုများ၏ အင်အားမှာလည်း တနေ့တခြား တိုးတက်ကြီးထွားလာခဲ့ရာ အထက်ဗမာပြည်တွင်လည်း အစိုးရတပ်များမှာ အကျအဆုံးများစွာဖြင့် ရင်ဆိုင်တိုက်ခိုက် နေကြရလေသည်။ အချို့ တပ်ရင်းတပ်ဖွဲ့များမှာ တပ်သားများ စိတ်ဓါတ်ကျဆင်းကာ တော်လှန်ရေး အင်အားစုများနှင့် လာရောက်ပူးလာကြသည်များလည်း ဖြစ်လာသည်။

တချိန်က ဗိုလ်နေဝင်းသည် “မွန်နဲ့ဗမာ ခွဲလို့မရ၊ ဘာဖြစ်လဲဆိုရင် ဗမာတော်တော်များများမှာ မွန်သွေး ပါတယ်၊” ဟု ကြွေးကြော်ခဲ့သော်လည်း ၁၉၇၂-ခုနှစ်၊ ဧပြီလ( )ရက်နေ့တွင် ထုတ်ပြန်ကြေငြာသော နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းမူကြမ်းတွင် မွန်လူမျိုးအတွက် မော်လမြိုင်ခရိုင် နှင့် သထုံခရိုင်ကို မွန်ပြည်နယ်အဖြစ် ဖော်ထုတ်ပေးရန် ကြေငြာခဲ့လေသည်။ ချင်းလူမျိုးများ နှင့် ရခိုင်လူမျိုးများအတွက်လည်း ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်၊ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် ဖော်ထုတ်ပေးရန် သတ်မှတ်ခဲ့သည်။ ဤသည်မှာ မွန်နှင့် အခြားတိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုက်ပွဲ တနေ့တခြား ပြင်းထန်လာမှုကြောင့် မလွှဲမရှောင်သာ လိုက်လျှောလာရခြင်းဖြစ်သည်။ သို့သော် ထိုပြည်နယ်များသည် လူမျိုးစုများက တောင်းဆိုတိုက်ပွဲဝင်နေသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မပြည့်စုံသေးသည့်အပြင် အနှစ်သာရအားဖြင့် တစ်ပြည်ထောင်စနစ်အဖြစ်သာ ရှိနေသေးသဖြင့် လူမျိုးစုများက လိုလားသော ပြည်နယ်မျိုး မဟုတ်သေးပေ။ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအတွက်၊ အာမခံချက်ရှိပြီး၊ ကိုယ်ပိုင်အမျိုးသား လုံခြုံရေးတပ်ရှိသော ပြည်နယ်မျိုးကို ရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားရန် လိုအပ်ပေသည်။

(မှတ်ချက်။ ။ ဗိုလ်နေဝင်းအစိုးရ၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ခြေခံစည်းမျဉ်းဥပဒေမူကြမ်း ထုတ်ပြန်ကြေငြာခြင်းအပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားကို မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ကြေငြာချက် (၁၉၇၂) ခုနှစ်၊ ဧပြီလ (၂၈) ရက်တွင် ဖော်ပြထားသည်။)

မွန်တော်လှန်ရေး၏အလားအလာ

မွန်အမျိုးသားလွတ်မြောက်မှု လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲသည် အနှစ် (၅၀) အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး၏ ခက်ထန်ကြမ်းတမ်းသော လမ်းခရီးတွင် မြင့်ချီတစ်ခါ၊ နိမ့်ချီတစ်လှည့် အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးချီတက်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြင့် မွန်အမျိုးသားတို့၏ အမျိုးသားလွတ်မြောက်ရေး သန္ဓိဋ္ဌာန်ကို ပိုမိုရင့်သန်လာစေခဲ့သည်။ မွန်တို့၏ ကြိုးပမ်းအားထုတ်မှုကို ကမ္ဘာကပင် အာရုံစိုက်လာရသည့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

ယနေ့ကာလတွင် မွန်ပြည်သစ်ပါတီသည် အမျိုးသားဒီမိုကရေစီ အခြေခံလမ်းစဉ်ကို ကိုင်စွဲကာ ပဲခူး၊ သထုံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ခရိုင် တို့ကို အခြေခံကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် မွန်အမျိုးသားတို့၏ တပ်ဦးမှ မားမားမတ်မတ် ရပ်တည်ချီတက်လျှက်ရှိသည်။ ပါတီ၏ ကြောရိုးမဏ္ဍိုင်ဖြစ်သော မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ခေတ်မီလက်နက်တပ်ဆင်ပြီး နိုင်ငံရေးအသိဖြင့် တည်ဆောက်ထားသည်။ လူငယ်၊ အလုပ်သမားပညာတတ်များသည် ရာဇဝင်က ပေးအပ်လာသော အမျိုးသားလွတ်မြောက်ရေးတာဝန်ကို ထမ်းဆောင်ကြရန် နေ့စဉ်နှင့်အမျှ လာရောက်အင်အားဖြည့် ဆည်းနေကြသည်။ မွန်တော်လှန်ရေးသည် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် လှမ်းတက်သွားတော့မည့်လက္ခဏာ ဆောင်နေပေပြီ။ ဘုံရန်သူအား တိုက်ခိုက်ခြေမှုန်းရန်အတွက် တ-ည-လ တပ်ပေါင်းဝင်အဖွဲ့အစည်းများအပြင် အခြားတော်လှန်ရေး အင်အားစုများနှင့်လည်း ဆက်စပ်လှုပ်ရှားလျှက်ရှိသည်။ ဤအချင်းအရာများသည် မွန်အမျိုးသားတို့အား မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုဖြင့် အပြီးသတ် အောင်ပွဲဆီသို့ ပို့ဆောင်ပေးမည့် လက္ခဏာများပင် ဖြစ်ပါသည်။

လိက်ကှပ် - ကႝုပညာပရေင်ဍုင်ကွာန်

ဗော်ဍုင်မန်တဿိ

အပြည့်အစုံသို့

Monday, October 13, 2008

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း အခန်း(၁)

သမိုင်းမတင်မီခေတ်

မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။

၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား မပေါ်သေး။

ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။

(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုးတို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသားများနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။ ၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )

ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူးဆက်ဆံရသဖြင့် အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အတတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူအဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာသာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။

သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်

သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင် မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည် သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ -၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆိုပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း ရောက်ရှိခဲ့သည်။

မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။

မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏ အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊ (ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍ သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)

သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေအထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။

မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။

သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်းသားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။ မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာသွားခဲ့ရသည်။

မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့် “ဟံသာဝတီ ( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။

သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော် သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထားသည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။

သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက် များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။

အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အတိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ခေတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀ ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။

“A nation is a historically evolved stable Community of Language, Territory, Economic life and Psychological make up manifesto in a Community of culture.”

“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည် ( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောလူမျိုးဖြစ်ကြောင်းထင်ရှားသည်။

အပြည့်အစုံသို့

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း အခန်း(၂)

ပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ

မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါမည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။
လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ ၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ခေတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။

အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွားသည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။ မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာပေသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေးသားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့် တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။

အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင် မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင် မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ - ၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး) မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေအရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာသည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည် ဟံသာဝ တီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊ နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊ မြန်မာပဒေသရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း ၄၀ နီးပါး (၁၃၈၆ - ၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊ စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစု တိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။

အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညားဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းစေသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။ စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော် မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ (၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး အနိစ္စရောက်ပြီး အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းနေသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည် ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည် ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။

ဤသို့ ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညိုသည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉) လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး) ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍ ကျရောက် သွားသည်။ ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀) လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့ ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံ ပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။

ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။

(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက် အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။)

(ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)
ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင် ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်းကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီးဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။

အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူမရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့် ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော် တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။

အပြည့်အစုံသို့

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၃)

ပဒေသရာဇ်ခေတ် အမျိုးသားစည်းလုံးညီညွတ်ရေး

မြန်မာနိုင်ငံသမိုင်းကို ပြုစုသူများသည် အများအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးကို ပဒေသရာဇ်ခေတ်တွင် ၃ ကြိမ် ရရှိခဲ့သည်ဟု ယေဘူယျအားဖြင့် ရေးသားကြသည်၊

၎င်းတို့မှာ (၁) အနော်ရထာမင်းစော ၊ (၂) တပင်ရွှေထီး - ဘုရင့်နောင်နှင့် (၃) အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်များတွင် ဖြစ်သည်ဟု ဆိုကြသည်၊ သို့သော် နိုင်ငံရေးပါရဂူ အဆိုအရမူ - "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက်ခံရသောအမျိုးသာ၏၊ အမျိုးသားကိုယ်ပိုင်ပြဌာန်း ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်သိမ်းပြီး၊ ၎င်းနိုင်ငံတော် နယ်နိမိတ်ကို စစ်နိုင်ငံသော အမျိုးသားနိုင်ငံတော်နှင့် ပူးပေါင်းခြင်း ဖြစ်သည်။" အဆိုပါသဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည် မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်၊ စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာပြီး၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်ရန် အင်အားချိနဲ့သဖြင့်၊ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရသည်။ နယ်ချဲ့သမားအောက် ရောက်ရှိသူတို့က သာဓကပြလျှက် ရှိသည်။ အေဒီ - ၁၀၄၇ - ခုနှစ် အနော်ရထာမင်းလက်ထက်တွင် မွန်ပဒေရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်က တိုက်ခိုက်၍ နယ်နိမိတ်ချင်း ပူးပေါင်းခဲ့သည်။ ယင်းကာလတွင် မွန်စာဖြင့် ရေးသား ထားသော ထေရဝါဒဗုဒ္ဓဘာသာ ကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မွန်စာပေကို အသုံးပြုရသည်။ မွန်စာပေအရေးသားကို ဖိနှိပ်ချုပ်ချယ်မှုမရှိခဲ့ နိုင်ငံရေးသဘောဆိုလျှင် ယဉ်ကျေးမှု ပြဌာန်းခွင့်ရသည် ဆိုရပေမည်၊ သို့သော် နိုင်ငံရေး အုပ်ချုပ်ရေးကို ပြုလုပ်ခွင့် မရဖြင့်၎င်း၊ မွန်အမျိုးသားတို့၏ ခေါင်းဆောင် မွန်ပဒေသရာဇ် မရှိသည့်အတွက်၎င်း၊ မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ ပဏ္ဏာဆက်နိုင်ငံသား သို့မဟုတ် ကျေးကျွန်အဖြစ် တည်ရှိခဲ့သည်။ အေဒီ - ၁၅၃၉ - လက်ထက်တွင် တပင်ရွှေထီးက မွန်ပဒေသရာဇ်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ မွန်ပဒေသရာဇ်နိုင်ငံ (အောက်မြန်မာနိုင်ငံ) နှင့် မြန်မာပဒေသရာဇ်နိုင်ငံကို မွန်တို့ဆန္ဒမတူညီဘဲ စုစည်းခဲ့သည်၊ တပင်ရွှေထီး လွန်ပြီး ဘုရင့်နောင်သည် ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူပြီး စုစည်းသည်။ ၎င်းခေတ်တွင် မွန်များအား မွန်ဒေသတွင် မြို့စား၊ ရွာစား ခန့်ထားခြင်း၊ စစ်မှုထမ်းစေခြင်း၊ မှူးမတ်အဖြစ် ခန့်ထားခြင်း၊ မွန်စာပေ ယဉ်ကျေးမှုတွင် မွန်တို့ဆန္ဒအရ ပြုလုပ်ခွင့်ပေးခြင်း စသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy ) ကို ပေးခဲ့သည်ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်၊ သို့သော် မွန်အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် (Right of National Self-Determination) ကို မပေးခဲ့သဖြင့် မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ လက်အောက်ခံလူမျိုး ဖြစ်ပြီး မြန်မာပဒေသရာဇ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး စီမံချက်များကို မွန်တို့လက်ခံ ဆောင်ရွက်ရန်သာ ရှိသည်၊ ယင်းကိစ္စနှင့်ပက်သက်၍ မွန်တို့မှာ ဘာမှလုပ်ဆောင်ချက်မရှိ ဖြစ်သည်။ အေဒီ-၁၇၅၇-ခုနှစ်တွင် အလောင်းဘုရားသည် မွန်ပဒေသရာဇ်နိုင်ငံကို တိုက်ခိုက်ပြီး မွန်တို့ဆန္ဒမပါဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်နိုင်ငံနှင့်စုစည်းပြီး အမျိုးသားစည်းရုံးရေးကို တည်ဆောက်သည်ဟု မြန်မာပဒေသရာဇ် အလောင်းဘုရားက ဆိုသည်၊ သမိုင်းအရဆိုလျှင်အလောင်းဘုရားသည် လူမျိုးရေးအရ ဖိနှိပ်မှုများကို ယခင်ပဒေသရာဇ်များထက် ပြင်းထန်သည်ကို တွေ့ရသည်။

ယခင်ပုဂံခေတ် မြန်မာပဒေသရာဇ်များ တောင်ငူခေတ် တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့လက်ထက်တွင် မွန်တို့အား ပေးထားသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy) ကိုပင် မပေးတော့ဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံသည် မြန်မာပဒေသရာဇ် နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ လုံးလုံးလျားလျားအဖြစ် ရောက်သွားသည်၊ ထိုသို့သော ဖိနှိပ်မှုကြောင့် မြန်မာပြည်တွင် အဓိကတိုင်းရင်းသားများဖြစ်သော မွန်နှင့်မြန်မာသည် စိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ရှိသည် ဆိုသည်ဟု သမိုင်းသုတေသီတို့ ထင်သလို မဟုတ်ဘဲ၊ စိတ်ဝမ်းကွဲပြားလာခဲ့သည်၊ ၎င်းကို အချက်ယူပြီး နယ်ချဲ့သမား ဗြိသိသျှသည် မြန်မာပြည်ကို သိမ်းပိုက်နိုင်သည့် သာဓကမှာ အမည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။

အပြည့်အစုံသို့

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၄)

စည်းလုံးညီညွတ်မှုခြင်း၏ အကျိုးကျေးဇူး

ပဒေသရာဇ်ခေတ်တွင်ပင် သမိုင်းအကြောင်းအရ ပြန်လည်လေ့လာလျှင် မွန်နှင့်မြန်မာတို့သည်၊ တဦးနှင့်တဦး အကျိုးကျေးဇူး တူညီ၍၊ တူညီသောသဘော မျှော်လင့်ချက်အရ ရှိလျှင် ပူးတွဲဆောင်ရွက်ကြသည်၊ ၎င်းနှင့်ပတ်သက်၍ - “ရှေ့တွင် တောက်ပမျှော်လင့်ချက်ရှိလျှင် လူမျိုးကွဲပြားခြင်း စိတ်မရှိဘဲ၊ အတူပူးပေါင်းတိုက်ပွဲဝင်ကြသည်၊ သို့သော် တဦးအပေါ်တဦး သံသယ ဝင်လာလျှင်၊ မိမိတို့၏ အမျိုးသားဆီသို့ ပြန်သွားကြသည်။

အထက်ပါသဘောတရား မှန်ကန်ကြောင်းကို အောက်ပါသမိုင်းကြောင်းက အထောက်အကူပြုနေကြောင်း တွေ့ရသည်၊ ၎င်းမှာ- မွန်တို့ဌာနီ ဥဿာ(ပဲခူး) ကို ရှမ်းစစ်သည်တို့ ဝင်ရောက်နှောက်ယှက်သောအခါ၊ ဘုရင်အနော်ရထာသည် မွန်ဘုရင် မနူဟာထံ ကျန်စစ်သား၊ ညောင်းဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေးရူး စသော မြန်မာသူရဲကောင်းများနှင့် စစ်သည်များ ပေးပို့ကူညီခဲ့သည်၊ အကယ်၍ ရှမ်းစစ်သည်များ သုဝဏ္ဏဘူမိကို အောင်နိုင်လျှင်၊ အထက်မြန်မာပြည်ရှိ ပဒေသရာဇ်နိုင်ငံလည်း အတိုက်အခိုက်ခံရမည် ဖြစ်သောကြောင့် အကျိုးတူဆောင်ရွက်ရခြင်း ဖြစ်သည်။

မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင်၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်းထိုးသတ် အနိုင်ယူခဲ့သည်၊ ဂါမဏိ ကျ၍ တရားစစ်သည်တို့ ဆုတ်ခွာသွားသဖြင့် မြန်မာပဒေသရာဇ်နိုင်ငံသည် တရုတ်များ၏ ကျူးကျော်ခြင်း ဘေးမှ လွတ်ကင်းခဲ့သည်။

ဟံသာဝတီ၊ ဓမ္မစေတီမင်း (၁၄၇၈-၉၂) လက်ထက်၊ လက်ဖျံတလုံးတည်းဖြစ်သော မွန်သူရဲကောင်း မင်းညီတုံးသည် (၁၄၇၈) ခုတွင် ဟံသာဝတီမှ တရုတ်ပြည်ကျေးစပ်ဖြစ်သော ခန္တီးမြို့တိုင်အောင် ချီတက်သွားရောက်၍ မြေခြား မှတ်တိုင်စိုက်သည်၊ အပြန်တွင် အင်းဝမင်း မဟာသီဟသူရ၏ သားတော်များ ဦးစီးသောတပ်တို့က ဖမ်းမိသည်၊ ထိုအချိန်ကာလတွင် တရုတ်တပ်များ အင်းဝသို့ ကျူးကျော်လွန်လာပြီး စစ်ပြိုင်စီးချင်းထိုးရန် မဟာသီဟသူရထံ တောင်းဆိုသောအခါ ဖမ်းဆီးထားသော မွန်သူရဲကောင်း မင်းညီတုံးအား ယခင်ဘုရင်မင်းခေါင်းလက်ထက်၊ သမိန်ဗရမ်းအား တိုက်ခိုက်စေခဲ့၏၊ တရုတ်တို့ဘက်မှ စလုံကျော်ခေါင် ကျ၍ ခေါင်းဖြတ်ပြီး အနိုင်ယူခဲ့၏၊ စလုံကျော်ခေါင် ကျ၍ တရုတ်စစ်သည်များ ဆုတ်ခွာသွားကြ၏။

တပင်ရွှေထီးလက်ထက်တွင် မုတ္တမစား မွန်ပဒေသရာဇ်ကို တိုက်ခိုက်ရာ စောဗညားသည် ပေါ်တူဂီ ကြေးစား ပါအူလိုဆေအီဆက် (ခ) ခေါင်းဆောင်သော တပ်သားတရာကျော်နှင့် သင်္ဘောခုနှစ်စင်းအားကိုးဖြင့် ခုခံ၏၊ တပင်ရွှေထီး၏ လက်အောက်တွင်လည်း ဂျိုနိုဝါကာယေရိုးခေါ် ပေါ်တူဂီအကြီးအကဲနှင့် တပ်သားခုနှစ်ရာကျော် အမှုထမ်းနေကြသည်။

မုတ္တမစား စောဗညားသည် တပင်ရွှေထီးအား တိုက်ခိုက်ရာတွင် တပင်ရွှေထီးထံ ရှိသော ဂျိုနိုဝါကာယေးရိုးအား ဆွဲဆောင်ရန် စာတစ်စောင် ပေးပို့သည်ကို တပင်ရွှေထီးနှင့် တပင်ရွှေထီးထံ အမှုထမ်းနေသော မိဖရူးတို့ ကြားသိသည်၊ ယင်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့စား၊ မွန်မြို့စား ဗညားဦးကလည်း ကုလားပန်းသေးတို့ စကားကို နာနေသည်” ဟု တပင်ရွှေထီးအား အကြောင်းကြားသည်၊ စောဗညား၏ အကူအညီ တောင်းသည်ကိုလည်း မွန်မြို့စားချင်းဖြစ်သော်လည်း မပေးဘဲ နေသည်၊ ပေါ်တူဂီတို့ သစ္စာကို ခံလိုသော စောဗညားကို မွန်စစ်ခေါင်းဆောင် သမိန်ဖရူးက တိုက်ခိုက်နှိမ်နှင်းခဲ့သည်။

အထက်ပါ သမိုင်းကြောင်းများ တချို့သည် မွန်သဒေသရာဇ်နိုင်ငံသည်၎င်း၊ မြန်မာပဒေသရာဇ်နိုင်ငံ သည်ကို၎င်း၊ ပြည်ပကျူးကျော်သူများက လာရောက်တိုက်ခိုက်ပါက နှစ်ဦးနှစ်ဝ အကျိုးအတွက် ပူးတွဲ ကာကွယ်ခြင်း ပြုခဲ့သည်၊ မိမိတို့အမျိုးသားပင်ဖြစ်စေ၊ မိမိတို့၏ပဒေသရာဇ်နိုင်ငံ တည်ဆောက်ရေးထက် ပြည်ပနယ်ချဲ့သမားများကို အဓိက ရန်သူသတ်မှတ်၍ တိုက်ခိုက်တွန်းလှန်သည်ကို မြန်မာရာဇာဝင်သမိုင်းတွင် ပုဂံခေတ်၊ တောင်ငူခေတ်တွင် တွေ့ရသည်၊ ၎င်းကာလတွင် ဖြစ်ပွားသော ပဒေသရာဇ်အချင်းချင်း စစ်ဆင်တိုက်ခိုက်မှုကြောင့် အမျိုးသားများ တဦးနှင့်တဦး ဖိနှိပ်မှု သဏ္ဍာန်မှာ နည်းနေ၍ ဖြစ်သည်၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝမရှိသော်လည်း ပဏ္ဏာဆက်နိုင်ငံအဖြစ် ထားသည်၊ စာပေယဉ်ကျေးမှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်တည်း ဟူသော (Culture Rights) ယဉ်ကျေးမှု လုပ်ဆောင်ခွင့်များကို ပေးခဲ့သည်။

ကုန်ဘောင်ခေတ် ပဒေသရာဇ်စစ်ပွဲများတွင်၊ ယခင်ပုဂံခေတ်၊ တောင်ငူခေတ်ကဲ့သို့ မဟုတ်တော့ဘဲ၊ အမျိုးသားဖိနှိပ်ရေးအသွင်သို့ ပြောင်းလဲလာသဖြင့် မွန်တို့သည် မြန်မာနိုင်ငံတစ်ခုလုံး၏ အကျိုးစီးပွားထက်၊ မိမိအမျိုးသားစီးပွားရေးကိုသာ အာရုံစိုက်ဆောင်ရွက်နေသောဆန္ဒ ရှိလာသည်၊ ဤကဲ့သို့ ကွဲပြားလာမှုကို ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာနှင့်မွန်တို့အား မြှောက်ထိုးပင့်ကော် လက်နက်ခဲယမ်းမီးကျောက် ရောင်းချစီးပွားရှာရန် တိုက်ပေးခဲ့သည်၊ ၎င်းမသင့်မတင့်အပေါ် အခါအခွင့် ယူ၍ မြန်မာပြည်ကို စစ် ၃ ကြိမ်ပြု သိမ်းပိုက်ခဲ့သည်၊ ၎င်းစစ်ပွဲများတွင် မွန်တို့သည် ယခင်ကဲ့သို့ ဗြိတိသျှနယ်ချဲ့သမားများကို မြန်မာတို့နှင့် ပူးတွဲတိုက်ခိုက်ခြင်းများ အလွန်နည်းပါးခဲ့သည်၊ ထိုကြောင့် ဗြိတိသျှနယ်ချဲ့ သမားများသည် မြန်မာပြည်ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်၊။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ ဘဝရောက်သွားသောအခါ၊ မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံး နယ်ချဲ့ ဗြိတိသျှကျွန်ဖြစ်လာကြသောအခါ မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုများကို မိမိတို့ သဘောကျ မလုပ်နိုင်တော့သဖြင့် မိမိတို့ဆုံးရှုံးသွားသော လွတ်လပ်ခွင့်ကို ပြန်လိုကြသည်၊ ထိုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် တဦးနှင့်တဦး ပူးပေါင်း၍ လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို ဝင်ခဲ့ကြသည်။

ဤသို့ ရှေ့တွင် လွတ်လပ်ရေး ဟူသော တောက်ပကြည်လင်သော မျှော်လင့်ချက်ကြောင့် မွန်အမျိုးသား တို့သည် မိမိတို့၏ အမျိုးသားတံခွန်ကို မလွှင့်ထူတော့ဘဲ ကျရာတာဝန်ကို ယူ၍ တိုက်ပွဲဝင်ခဲ့ကြသည်၊ မြန်မာနိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်၊ ဂျီ-စီ-ဘီ-အေ ခေတ်တွင် ဦးချစ်လှိုင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် မြောက်မြားစွာ မွန်အမျိုးသားတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်၊ ကျောင်းသားသပိတ်၊ ဒို့ဗမာအစည်းအရုံး စသော အဖွဲ့အစည်းများတွင်၎င်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြသည်။

အပြည့်အစုံသို့

Sunday, October 12, 2008

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၅)

စည်းဗြိတိသျှဆန့်ကျင်ရေး မွန်အမျိုးသားတို့၏အခန်း
ဗြိတိသျှနယ်ချဲ့သမားသည် ဧကရာဇ် မြန်မာနိုင်ငံအားလုံးကို၊ ၁၈၈၅ ခုနှစ်တွင် တိုက်ရိုက်သိမ်းပိုက်လိုက်သည်၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး ဗြိတိသျှ နယ်ချဲ့သမားလက်အောက်သို့ ရောက်ရှိသွားသည်၊

မွန်အမျိုးသားတို့သည် ပထမတွင် ပဒေရာဇ် ဖိနှိပ်ရေးအသွင်ထက် သာသော အရင်းရှင်နယ်ချဲ့ ဖိနှိပ်ရေးအသွင်အောက်တွင် သက်သာသလို ရှိသည်၊ ပဒေသရာဇ်ခေတ်၏ ဒဏ်ရာ ဒဏ်ချက်ကြောင့် မိမိလူမျိုးသည် မွန်လူမျိုးဟု ပြောရန်ပင် အများစုက ကြောက်ရွံ့နေကြသည်၊ မိမိမွန်စကားကို မိမိတို့ရပ်ရွာ မိသားစုများကြားတွင်သာ ပြောကြသည်။ မြို့ရွာများတွင်၎င်း၊ လူစုလူဝေးနေရာ များတွင်၎င်း ပြောဆိုရန် ဝန်လေးကြသည်၊ ကြောက်ရွံ့ကြသည်၊ စီးပွားရေးအရလည်း မွန်များသည် လယ်သမားများပီပီ၊ လယ်ယာလုပ်ငန်းကိုသာ လုပ်ကြသည်၊ အရင်းရှင်စနစ်အရ ပထမတွင် လွတ်လပ်စွာ ရောင်ဝယ်ရခြင်းကြောင့်၎င်း၊ အကျိုးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အရင်းရှင်စနစ်၏ ကျင့်သုံးချက်အတိုင်း ကုန်ကြမ်းကို ဈေးပေါပေါ ရရှိရန်၊ မြန်မာနိုင်ငံ ထွက်ကုန်ကြမ်းများ ဖြစ်သော ဆန်၊ စပါး၊ ရေနံ၊ သစ်၊ သတ္တုများကို ကုမ္မဏီကြီးများဖွင့်ကာ ဈေးနှိမ်ဝယ်ယူခဲ့သည်၊ အရင်းရှင်နိုင်ငံ ထွက်ပစ္စည်းများ၊ အင်္ဂလိပ် လုပ်ပစ္စည်း ကုန်ချောများကို အမြတ်များများ ရရန် ဈေးကြီးကြီးနှင့် ရောင်းသည်၊ မြန်မာနိုင်ငံအတွင်းသို့ အိန္ဒိယမှ မိမိတို့၏ လက်ဝေခံ ချစ်တီးများကို ခေါ်သွင်းလာပြီး လယ်သမားပေါ်တွင် သွေးစုတ်စေသည်၊ လယ်သမားများသည် ၎င်းစီးပွားရေးဒဏ်ကို ခံရသည်၊ မွန်တို့အများစုမှာ လယ်သမားဖြစ်၍ ၎င်းဒဏ်ကို ခံရသည်။

ဗြိတိသျှ နယ်ချဲ့အောက်သို့ မွန်ဒေသသည် ပထမဆုံးရောက်ရှိခဲ့သဖြင့် မွန်အချို့မှာ အရင်းရှင်ကိုယ်စားလှယ် အဖြစ် ကူးသန်းရောင်းဝယ်ရေးများ လုပ်လာကြသည်၊ ချမ်းသာသော လယ်သမားစုများမှ လယ်သမား သားသမီးများသည် ဗြိတိသျှဖွင့်လှစ်သော အင်္ဂလိပ်ကျောင်းများတွင် နေကြ၍ အင်္ဂလိပ်စာသည် အဓိက ဘာသာ ဖြစ်လာ၍ ၎င်းဘာသာကို တတ်ကြသည်၊ အများစုမှာ ဗြိတိသျှအစိုးထံတွင် အမှုထမ်းကြသည်၊ အင်္ဂလိပ်စာကို သင်ယူရ၍ ဗဟုသုတကြွယ်ဝလာပြီး နယ်ချဲ့ဗြိတိသျှဖိနှိပ်မှုကို သိသထက်သိလာ၍ နယ်ချဲ့သမားအား ဆန့်ကျင်ရန် တိုင်းရင်းသားများနှင့် ပူးတွဲ လုပ်ဆောင်လာကြသည်၊ ထိုသို့ လုပ်ဆောင်ရန် တာစူလှုပ်ရှားနေစဉ် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးသည် ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည်၊ အရင်းရှင်စနစ်၊ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး၊ လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ လူမျိုးတမျိုးနှင့်တမျိုး ဖိနှိပ်မူ ကင်းသော ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်၊ ၎င်းဂယက်သည် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်ခဲ့သဖြင့် လူမျိုးချင်း ဖိနှိပ်မှုကင်းသော လွတ်လပ်သော မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားဖြည့်ပေးခဲ့သည်။

မြန်မာနိုင်ငံသည် အမျိုးသားလှုပ်ရှားမှုအဖြစ် ၁၉၀၆ ခုနှစ်လောက်တွင် အမျိုးဘာသာ၊ သာသနာကို အရင်းခံသော ဝိုင်-အမ်-စီ-အေ (ခရစ်ယာန်ကလျာဏယုဝအသင်း) ကဲ့သို့သော ဝိုင်-အမ်-စီ-အေ (ဗုဒ္ဓကလျာဏယုဝအသင်း) ကို တည်ထောင်သည်၊ များမကြာမီ ဝိုင်-အမ်-စီ-အေ မျိုးချစ်ပုဂ္ဂိုလ်များသည် စုစည်း၍ ဂျီ-စီ-ဘီ-အေ ခေါ် မြန်မာအသင်းချုပ်ကို တည်ထောင်ပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို စတင်ထမ်းဆောင်လာသည်။

ထို ဂျီ-စီ-ဘီ-အေ အဖွဲ့ချုပ်တွင် ခေါင်းဆောင်အဖြစ် မွန်အမျိုးသားဖြစ်သော ဦးချစ်လှိုင်မှာ ထင်ရှားသော မျိုးချစ်ခေါင်းဆောင်တဦး ဖြစ်သည်၊ မွန်အမျိုးသားများသည်လည်း ဂျီ-စီ-ဘီ-အေ တွင် မြို့နယ်၊ တိုက်နယ် ကျေးရွာအလိုက် တာဝန်ယူခဲ့ကြသည်။

၁၉၂၀ ခုနှစ်တွင် သမိုင်းဝင် အမျိုးသားနေ့အဖြစ် တည်ရှိနေသော တက္ကသိုလ်ကျောင်းသားသပိတ်တွင်လည်း မွန်အမျိုးသားများသည် တိုင်းရင်းသားများနှင့်အတူ ရှေ့တန်းမှ ပါဝင်ခဲ့သည်၊ ၎င်းတို့မှာ ဆရာကြီး ဦးသာဒင် (ပဲခူး)၊ ဦးလူဖေဝင်း၊ ဦးချစ်သောင်းတို့ ဖြစ်သည်။ မထင်ရှားသော မွန်အမျိုးသားသည် တက်ကြွစွာ ပါဝင် ခဲ့ကြသည်။

၁၉၃၀ ပြည့်နှစ်တွင် လယ်သမား သူပုန်ဆရာစံနှင့်အတူ မွန်လယ်သမားများလည်း နယ်ချဲ့ဗြိတိသျှတို့အား တိုက်ရိုက်ခဲ့သည်။ ၁၉၃၆ -၃၈ ခုနှစ်၌ ကျောင်းသားသပိတ်များတွင် မွန်များလည်း ပါဝင်ခဲ့ကြသည်၊ ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးတွင် မွန်အမျိုးသားများသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသောခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။

အပြည့်အစုံသို့

Activities at Queen Cremation Ceremony

အပြည့်အစုံသို့

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP