လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Thursday, May 14, 2009

သွေးခွဲအုပ်ချုပ်ခံနေရလို့လား၊ သွေးမခွဲဘဲ သွေးကွဲနေတာလား?

သွေးခွဲအုပ်ချူပ်ရေးမူ ဆိုတဲ့ ဝေါဟာရကို ခဏခဏ ကြားဖူးနေသဖြင့် နားထဲတွင် တော်တော်လေးကို ရိုးနေပြီ ဖြစ်ပါသည်။ မထူးဆန်းသလိုပါ။ ဗြိတိန်တွေ လူဦးရေ အနည်းငယ်ဖြင့် ကမ္ဘာ့ပေါ်တွင် ဒုတိယလူဦးရေအများဆုံးရှိသည့်အပြင် ကမ္ဘာ့အကြီးဆုံးနိုင်ငံတခုစာရင်းဝင် ဖြစ်သည့် အိန္ဒိယနိုင်ငံကိုပင် သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်မှာ သွေးခွဲအုပ်ချုပ်စနစ်ကို ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ယနေ့ မိမိတို့နိုင်ငံတွင်လည်း လက်ရှိစစ်အစိုးရဟာ တော်လှန်ရေးအဖွဲ့အစည်းများအကြား၊ လူမျိုးစု အင်အားစုများအကြား အမျိုးမျိုးသွေးခွဲလျှက် စည်းလုံးမှု ပျက်ပြားစေရန် အစဉ်တစိုက် ကြံစည်လျှက် ရှိပေသည်။ သက်သေပြစရာ တောင်မလိုတော့ပြီ။ အုပ်ချုပ်သည့် မည်သည့်အစိုးရမဆို ၄င်းတို့အာဏာ ဆက်လက် ဆုပ်ကိုင်နိုင်ရေးအတွက် ဒီလိုဗျူဟာမျိုး ကျင့်သုံးမည်။ သွေးခွဲ၍သွေးကွဲသဖြင့် တော်လှန်ရေးခရီး နှောက်နှေးကြန့်ကြာသည်မှာ မထူးဆန်းပါ။ သို့သော် သွေးမခွဲဘဲ သွေးကွဲသဖြင့် တော်လှန်ရေး ခရီးမပေါက်သည့်အပြင် တော်လှန်ရေးအင်အားစုအချင်းချင်း ကိုယ့်အမျိုးသားအချင်းချင်း တိုက်ခိုက်သတ်ဖျတ်နေကြသည်မှာ ၀မ်းနည်းစရာ ကောင်းလှပေသည်။

မိမိတို့ တိုင်းပြည်အတွင်းရှိ အမျိုးသားများ (တဖွဲ့ခြင်းစီ) အတွင်းတွင်လည် ဇတ်တူသားစား အချင်းချင်း သတ်ဖျတ်ကြသဖြင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ အိုးအိမ်ပျက်စီးမှုများ စသည့် ၀မ်းးနည်းဖွယ်ရာ ကောင်းသည့် ဖြစ်ရပ်များနှင့် မကြာခဏ ဆိုသလို ကြုံခဲ့ရ ကြုံနေရဆဲဖြစ်ပါသည်။ ဘာ့ကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို ပြန်လည်သုံးသပ်သင့်သည်ဟု ယူဆပါသည်။ ကျနော့်အတွေ့အကြုံအရ ပြောရမည်ဆိုလျှင် ယခုလိုဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တိုင်းတွင် တူညီသော နောက်ခံအကြောင်း ရှိပေသည်။ ယင်းကား “ခွဲထွက်ရေး ကိုယ်ပိုင်တပ်ထူထောင်ရေး” ဟူသော အစွဲပယောဂကြောင့် ဖြစ်ပေသည်။ ဒီနေရာမှာ ကျနော်ပုဂ္ဂိုလ်တဦးချင်း၏အမြင်အရ အဲဒီ “ခွဲထွက်ရေး ကိုယ်ပိုင်တပ်ထူထောင်ရေး” ဆိုတာကို တော်လှန်ရေးလမ်းစဉ်တခုထက် တော်လှန်ရေး ကပ်/ရောဂါတခုအဖြစ် ရှုမြင်ပါသည်။ ရောဂါကား ရင့်နေပြီ ကုစားရန်ပင် မလွယ်တော့ပြီ။

သွေးခွဲအုပ်ချုပ်ရေး ဆိုတဲ့ဝေါဟာရဟာ နားထဲမှာ ရိုးလာသလဲ့သို့ “ခွဲထွက်မည်၊ ကိုယ်ပိုင်ပါတီထောင်မည်၊ ကိုယ်ပိုင်တပ်ထောင်မည်” ဆိုသည့် စကားလုံးတွေကိုလည်း ခဏခဏ ကြားနေရသည်။ ယ္ခုလည်း ကြားနေရဆဲဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်မိပါသည်။ ဒီနေရာမှာ “လိုအပ်လျှင် ကိုယ်ပိုင်တပ် ထူထောင်မည်” ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါသည်။ ဘယ်အရာမဆို လုပ်တော့မည် (လုပ်ဖို့ ပြောတော့မည်) ဆိုလျှင် ကာလဒေသရဲ့ နောက်ခံ အကြောင်းအရင်းတွေနဲ့ ခေတ်ရေစီးကြောင်းတွေကို လေ့လာသုံးသပ်ပြီးမှ လိုအပ်သလို ပြုမူလုပ်ဆောင်သင့်ပေသည်။ ဆိုဗီယက်ဦးဆောင် ကွန်မြူနစ်အုပ်စုနှင့် အမေရိကန်ဦးဆောင် အရင်းရှင်အုပ်စု အကြား ဖြစ်ပွါးနေသည့် စစ်အေးတိုက်ပွဲ ဖြစ်ပွါးနေစဉ် ကာလအတွင်းတွင် တပ်ထောင်မည့်ကိစ္စသည် ပြောဆိုဆွေးနွေးရန် သင့်လျှော်ပြီး ဖြစ်နိုင်ခြေရှိသည့် ကိစ္စတခုဖြစ်ပါသည်။ အကြောင်းမှာ အုပ်စုနှစ်ခုစလုံးမှ မိမိတို့စစ်ရေး အနိုင်ရရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခြင်း လက်နက်ကူညီတပ်ဆင်ပေးခြင်း ငွေကြေးနှင့် နည်းပညာ အကူအညီပေးခြင်း စသည်တို့ကြောင့်ဖြစ်ပေသည်။

သို့သော် ၁၉၉၁ စစ်အေးတိုက်ပွဲ ပြီးဆုံးသည့်နောက်ပိုင်းတွင် အခြေအနေမှာ တမျိုးပြောင်းသွားသည်။ အဆိုပါအင်အားကြီး အုပ်စုများသည် Ideology ယခင် လက်ဝဲလက်ယာ နိုင်ငံရေး အတွေးအခေါ်အစား အမျိုးသားအကျိုးစီးပွါး (စီးပွားရေး) တွင်အာရုံစိုက်လာပြီး မည့်သည့်အဖွဲ့အစည်းကိုမှ လက်နက်/ငွေ အင်အားပေးရန် စိတ်မ၀င်စားတော့။ အရင်က လက်နက်များကို ဒေသတွင်းနိုင်ငံများတွင် အလွယ်တကူရနိုင်သည်။ အခုအချိန် မလွယ်တော့။ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံသည် အရင်က တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေကို ကာကွယ်ရေးကြားခံနယ် Buffer Zone အဖြစ်အသုံးပြုလိုသဖြစ် အကူအညီများ ပေးခဲ့သည်။ ယ္ခုတော့ နယ်စပ်ဒေသတွေကို ကုန်သွယ်ရေးဇုံအဖြစ် အသုံးချနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တစုံတရာ ဖိအားပေးနေပြီး။ ဒီနှစ် ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံ ဟွေဟင်ဆိပ်ကမ်းတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံတွင် ၂၀၁၅ အမှီ အာဆီယံနိုင်ငံများတင် အရင်းအနှီး ကုန်စည်နှင့် လုပ်အားစုများ လွတ်လပ်စွာ ရွေ့လျှားစီးဆင်းနိုင်မည့် အီးယူစတိုင် ဘုံဈေးကွက် ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပြီ။ ယင်းဆုံးဖြတ်ချက်သည်လည်း တစုံတရာသော အတိုင်းအတာအထိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ဖိအားပေးလာမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ဒီလိုနောက်ခံ အခြေအနေအောက်မှာ “ကိုယ်ပိုင် တပ်ဖွဲ့မည်” ဆိုသည့် အပြောအဆိုနှင့် ပက်သတ်၍ နားမလည်နိုင်အောင် ဖြစ်မိပါသည်။

“ခွဲထွက်ရေး” သည် အမျိုးသားနှင့် တော်လှန်ရေးကို ကောင်းကျိုးပေးသည်ကို တကြိမ်တခါမျှမတွေ့ဘူး၊ ၄င်း၏အကြိုးဆက်အဖြင့် မျိုးချစ်တော်လှန်ရေး ရဲဘော်များနှင့် ခေါင်းဆောင်များ အသက်ဆုံးရှုံးရခြင်း၊ အချင်းချင်း စစ်ခင်းနေကြရသဖြင့် ရန်သူအပေါ်အာရုံစိုက်နိုင်မှု လျော့နည်းလာခြင်း စသည့်ဆိုးကြိုးများသာ တွေ့ရသဖြင့် အထက်မှာဆိုခဲ့သည့်အတိုင်း ခွဲထွက်ရေးဟာ မိမိတို့အမျိုးသားကို ဒုက္ခပေးနေသည့် ရောဂါတခုဟု ယူဆပါသည်။ ထိုရောဂါဟာ ဘာကြောင့် မကြာခဏ မိမိတို့အမျိုးသားအတွင်း ဖြစ်ပွါးရေနည်း? ရောဂါသည် ရောဂါပိုးရှိမှ ဖြစ်နိုင်သလို ခွဲထွက်ရေးသည်လည်း ၄င်းကို မြေတောင်မြှောက်ပေးနေသည့် အတွေးအမြင်တမျိုးမျိုး အဖွဲ့အစည်းတခုခု လူပုဂ္ဂိုလ်ယောက်ယောက် ရှိလေ့ရှိပါသည်။ မိမိတို့ အမျိုးသား (၀ါ) တော်လှန်ရေး တွင်လည်း အဲဒီလို ရောဂါပိုးတွေ ရှိနေပေသည်။ ယ္ခင်ဖြစ်ရပ်တွေကို လေ့လာပါက မဖြစ်ပွါးမီ ခွဲထွက်ရေးကို အားပေးသည့် အပြောအဆို အရေးအသားများရှိခြင်း၊ ခွဲထွက်သည့်အခါ အင်အာရှာဖွေစုဆောင်းပေးမည်သူရှိခြင်း၊ ပြည်သူများအား မူရင်းအဖွဲ့အစည်းကို မုန်းတီးလာစေရန် သွေးထိုးခြင်း စသည့်အပြုအမူတို့ကို တွေ့ရပါသည်။ ကျနော်အနေဖြင့် အဲဒီလိုအဖြစ်အပျက် အပြုအမူတွေကို ခဏခဏ ကြားခဲ့ရ ကြားနေဆဲဖြစ်သည်သဖြင့် ၀မ်းနည်းမိပါသည်။ “နွားကွဲလျှင် ကျားဆွဲမည်”တဲ့။ အခုတော့ နွားကွဲသည်မဟုတ် အချင်းချင်း ဝှေ့သတ်နေကြသဖြင့် ကျားဆွဲရန်မလို စားရန်သာလိုသည်။ သွေးခွဲအုပ်ချုပ်ခံနေရလို့လား၊ သွေးမခွဲဘဲ သွေးကွဲနေတာလား? ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်ရေး လိုလာပြီ။

1 comments:

Naw Hser Coo May 22, 2009 at 7:58 PM  

အဲဒါအမှန်ပဲ။ တကယ်ဝမ်းနည်းဖို့ကောင်းတဲ့ ဖြစ်ရပ်ပဲ။ ဒီလိုဖြစ်လေလေ စစ်အစိုးရ လက်ခုပ် တီးလေလေပဲ။ များများရေးပေးပါ။ ဖတ်ချင်သေး တယ်။ ဒါမှ အခုခောတ်လူငယ်တွေ သတိထားမိ လာကြမှာ။ ဒါပေမယ့် သတိထားပြီး အဲဒီသတိကို ဆက်ပြီး မထိန်းသိမ်းနိုင်ရင် ပိုပြီး ဆိုးအုံးမယ်နော်။ ဘယ်လိုထင်သလဲ။

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP