လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Monday, May 11, 2009

ကျနော်လေ့လာရတဲ့ ဘာသာရပ်များ (အပိုင်း -1)

ကျနော်ကျောင်းစမတတ်ခင်အချိန်တုန်းက PPE ဘာသာရပ်ကို ရွေးသာရွေးလိုက်တာ။ ဘာတွေသင်ရမယ်ဆိုတာတွေ ရေရေရာရာမသိခဲ့ဘူး။ အခုတော့ ပြန်စဉ်းစားလိုက်ရင် ကိုယ်အရင်ကတွေးခဲ့တဲ့ဟာနဲ့ အခုလက်ရှိ လေ့လာနေရတဲ့ဟာနဲ့က တလွဲစီဖြစ်နေသလိုပဲ။ ကျောင်းသားတယောက်အနေနဲ့ ကျောင်းမတတ်ခင် အဓိကဘာသာရပ် ရွေးချယ်ဆုံးဖြတ်တာဟာ အလွန်အရေးကြီးပါတယ်။ ကိုယ်ဝါသနာမပါတဲ့ဘာသာရပ်၊ ကိုယ့်အနာဂတ် လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ ဘာသာရပ်တွေကို ရွေးမိလျှင် အချိန်ကုန်ငွေကုန်ပြီး အကျိုးမရှိသလို ဖြစ်နေမှာပါ။ ဒါနဲ့ပဲ နောက်လာမဲ့ ကျောင်းသားတွေ မှန်ကန်တဲ့ရွေးချယ်မှု ပြုနိုင်ရန်နှင့် ဒီဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ မိတ်ဆွေများ အပြင်းပြေဖတ်နိုင်ရန် ဆိုပြီး “ကျနော်လေ့လာရတဲ့ ဘာသာရပ်များ” ဆိုတဲ့ဆောင်းပါးမှာ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေရေးပြီး ပိုစ့်တင်လိုက်တာပါ။

PPE မှာ ဒဿန၊ နိုင်ငံရေးသပ္ပံနဲ့ ဘောဂဗေဒ သုံးမျိုးစလုံးကို အညီအမျှ လေ့လာရပါတယ်။ နိုင်ငံရေးသပ္ပံက လူအများသိထားပြီးဖြစ်တဲ့အတွက် မတင်ပြတော့ပါ။ ဒဿနဗေဒ (Philosophy)နှင့် ဘောဂဗေဒ (Economics) နဲ့ ပက်သက်ပြီးတော့ နဲနဲလေးဆွေးနွေးသွားမှာပါ။ ဒဿနဗေဒဆိုတာကို တိုတိုနဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ပေးဖို့တော့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ဒဿနမှာ သိမှုဗေဒ (Epistemology)၊ ကျင့်ဝတ် (Ethics)နှင့် တက္ကိတဗေဒ (Metaphysics) စတဲ့ ဘာသာခွဲသုံးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီပညာရပ်ဟာ လူသားတွေရဲ့ စူးစမ်းလိုစိတ်က စတင်လာတာပါ။ ဥပမာ ရှေးလူတွေက ကမ္ဘာကြီးမှာ ဘာအရာဝတ္ထုတွေ ရှိသလဲ? တည်ရှိနေတဲ့အရာဝတ္ထုတွေဟာ ဘာနဲ့ဖွဲ့စည်းထားသလဲ? မီးလောင်သွားတဲ့ ထင်းဟာ အစိုင်အခဲကနေ အငွေ့အဖြစ်ကို ပြောင်းသွားတာ ဘာကြောင့်လဲ? ဒီလိုမေးခွန်းမျိုးဟာ တက္ကိတဗေဒ (Metaphysics) နဲ့ဆိုင်တဲ့မေးခွန်းတွေပေါ့။

တက္ကိတဗေဒနဲ့ဆိုင်တဲ့ အဓိကအရေးအကြီးဆုံး မေးခွန်းတခုက “စိတ်ဆိုတာ တကယ်ပဲ ရှိလား? ဒါမှမဟုတ် ခန္ဒာကိုယ်ပဲရှိပြီး စိတ်ဆိုတာ ခန္ဒာကိုယ်အပိုင်းအစ ဦးနှောက်ရဲ့ စွမ်းဆောင်ချက်လား?” ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းနဲ့ပက်သက်ပြီးတော့လဲ တက္ကိတဗေဒ (Metaphysics) မှာ ရုပ်/နာမ်(စိတ်)နှစ်မျိုးစလုံးရှိခြင်းကို လက်ခံတဲ့ဝါဒ (Dualism) နှင့် ရုပ်ဝါဒ (Materialism) ဆိုပြီး အယူဝါဒနှစ်မျိုးထပ်မံကွဲပြားကြပြန်တယ်။ ရုပ်/နာမ်ဝါဒီ (Dualists) တွေ ယူဆတာက အရာဝတ္တုတွေနဲ့ဖွဲ့စည်းထားတဲ့ ခန္ဒာကိုယ်နဲ့ အရာဝတ္ထုမဲ့တဲ့စိတ် နှစ်မျိုးတို့ဟာ လူသားတွေမှာ သီးခြားစီ တည်ရှိနေကြပါတယ်။ ဒီဂိုဏ်းတွေရဲ့ ငြင်းချက်တခုကို ဥပမာပေးရလျှင် လူသားနှင့် ကျောက်/သစ်တုံးတွေကို နှိုင်းယှဉ်ကြည့်ပါ။ ကျောက်တုံးတွေဟာ နာကျင်မှုဝေဒနာ ပျော်ရွင်ခြင်း စတဲ့ခံစားချက်တွေမရှိဘူး။ လူမှာကြတော့ ဒီခံစားချက်တွေရှိတယ်။ အဲဒါကြောင့် ဒီနာကျင်ခြင်း ပျော်ရွင်ခြင်းတွေကို ခံစားတဲ့အရာတခုရှိရမယ်။ အဲဒီဟာက “စိတ်” ဖြစ်ရမယ်တဲ့။

ရုပ်/နာမ်ဝါဒီတွေဟာ စိတ်ဟာ ခန္ဒာကိုယ်နဲ့ သီးခြားစီတည်ရှိကြောင်း အမျိုးမျိုး သက်သေသာဓက ပြပြီး စိတ်နှင့် ခန္ဒာ ဆက်စပ်ပုံကိုလဲ ဆက်လက်ဖေါ်ပြပါတယ်။ ဥပမာ စိတ်က ခန္ဒာအပိုင်အစဖြစ်တဲ့ ကျနော့်လက်ကို စာရိုက်ပါလို့ခိုင်းတာကို လက်ချောင်းတွေက ဘယ်လို တုန့်ပြန်တယ် ဆိုတာမျိုးတွေပေါ့။ စိတ်တည်ရှိကြောင်း သက်သေပြပြီးတော့ ရုပ်/နာမ်ဝါဒီတွေက စိတ်ရဲ့ ၀ိသေသလက္ခဏာတွေကို ဆက်လက်ရှင်းပြကြပါတယ်။ စိတ်ဟာ ဘယ်အချိန်မှာ ခန္ဒာကိုယ်နဲ့ ပေါင်းစပ်တယ် ဘယ်အချိန်မှာ ခန္ဒာမှ ထွက်ခွါတယ်စသဖြင့်ပေါ့။

အထက်မှာဆိုခဲ့တဲ့အတိုင်း တက္ကိတဗေဒ (Metaphysics) ရဲ့ တခြားဆန့်ကျင်ဖက် ၀ါဒတခုက ရုပ်ဝါဒ (Materialism) ဖြစ်ပါတယ်။ ရုပ်ဝါဒီတွေက “စိတ်” ရှိတယ်ဆိုတာကို လုံးဝလက်မခံပါဘူး။ ၄င်းတို့က လူသားမှာ အရာဝတ္ထုတွေနဲ့ဖွဲ့စည်းခန္ဒာပဲရှိတယ်။ စောစောက Dualists တွေပြေတဲ့ ပျော်ရွင်ခြင်းတို့ နာကျင်ခြင်းတို့ဟာ အရာဝတ္ထုနဲ့ဖွဲ့စည်းထားတဲ့ ခန္ဒာအပိုင်းအစဖြစ်တဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက် (Function of Brain)ကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။ ခံစားချက်တွေဟာ ဦးနှောက်ရဲ့ အခြေအနေအပေါ် အခြေခံပြီး လိုက်ပြောင်းလဲတယ်လို့ ၄င်းတို့က အဆိုပြုပါတယ်။ ဥပမာအားဖြင့် ပျော်ရွင်ခြင်းဆိုတဲ့ ခံစားချက်ဟာ ဦးနှောက်အခြေအန (က)၊ နာကျင်ခြင်းဟာ ဦးနှောက်အခြေအနေ (ခ)၊ ဒေါသထွက်ခြင်းဟာ ဦးနှောက်အခြေအနေ (ဂ) စသဖြင့်ပါ။

ရုပ်ဝါဒီတွေက စိတ်မရှိကြောင်း သက်သေသာဓက အများထဲက ကျနော်တခုနှစ်ခုလောက် တင်ပြမှာပါ။ ကနေ့ခေတ်မှာ နာကျင်မှုဝေဒနာတွေကို လျှော့ချနိုင်တဲ့ ထုံဆေးတို့လို ဆေးမျိုးတွေ လူ့စိတ်ကို ခေတ်တပျော်ရွင်စေတဲ့ ဆေးတွေရှိပါတယ်။ ဒီဆေးတွေဟာ ကျနော်တို့ရဲ့ဦးနှောက် အခြေအနေတွေကို ပြောင်းလိုက်တာပါပဲ။ တကယ်လို့များ စိတ်ဟာ “စိတ်”ဟာ ခန္ဒာနဲ့ သီးခြားတည်ရှိနေလျှင် ဒီဆေးတွေဟာ နာကျင်မှုကို ဘယ်လိုလုပ် လျှော့ချနိုင်လဲ? အဲဒါကြောင့် လူသားတွေမှာ “စိတ်” မရှိဘူးတဲ့။ ရုပ်ဝါဒီတွေ “စိတ်” မရှိကြောင်း ငြင်းဆိုတဲ့ နောက်သာဓက တခုက ဒီလိုပါ။ ဇီဝဗေဒ ပညာရပ်အရ ကလေးဟာ မမျိုးဥနဲ့ ဖိုမျိုးဥတို့ကနေ ပေါင်းစပ်ပေါက်ပွားလာတာပါ။ အဲဒီ မ/ဖို မျိုးဥတွေမှာ အရာဝတ္ထုသက်သက်သာဖြစ်ပြီး “စိတ်” မပါဝင်ပါ။ ဒီ”စိတ်”မပါတဲ့ အရာနှစ်ခု ပေါင်းစပ်ပြီးမှ ဖြစ်ပေါ်ပေါက်ပွားလာတဲ့ လူသားကလေးငယ်ဟာ ဘယ်လိုလုပ် “စိတ်”ဆိုတာကြီး ရှိပါ့မလဲ? အဲဒါကြောင့် လူသားတွေမှာ “စိတ်” မရှိ ခန္ဒာသက်သက်ဖြင့် ဖွဲ့စည်းထားတယ်လို့ ရုပ်ဝါဒီတွေက ဆိုတာဖြစ်တယ်။

PPE မှာ အထက်မှာ အချုပ်တင်ပြခဲ့တဲ့ဆိုခဲ့တဲ့ ဟာတွေကို အသေးစိတ် လေ့လာရပါတယ်။ ပလေတိုတို့ရှေးခေတ်မှ ဂန္တာဝင်ခေတ် မော်ဒန်ခေတ် စတဲ့ ကနေ့ခေတ်တိုင် ခေတ်အဆက်ဆက်မှာ မတူကွဲပြားတဲ့ ဒဿနဆရာတွေရဲ့ အဆိုအငြင်းတွေကို လိုက်လေ့လာရပါတယ်။ PPE ကိုတတ်တော့မယ်ဆိုလျှင် ဒီဟာတွေကို စိတ်ဝင်စားသလား မ၀င်စားဘူးလား အကျိုးရှိလား မရှိလား စဉ်းစားပြီးမှ ဆုံးဖြတ်သင့်သည်။ နောက်ပိုင်းတွေမှာ ဒဿနပညာရပ်မှာ ကျန်နေသေးတဲ့ သိမှုဗေဒ (Epistemology)နှင့် ကျင့်ဝတ် (Ethics)တို့ကို ဆက်တင်မည်။ အဲဒါပြီးမှ ဘောဂဗေဒမှာ ဘာတွေသင်ရသလဲဆိုတာ ဆက်တင်မည်။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP