လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, June 3, 2009

ကျနော်လေ့လာသည့် ဘာသာရပ်များ (အပိုင်း - ၃)

ဒီတခေါက်တော့မှာတော့ Ethics လို့ခေါ်တဲ့ ကျင့်ဝတ်နှင့်ဆိုင်တဲ့ ဒဿန အခြေခံသဘောတရားတွေကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျင့်ဝတ်ဆိုတဲ့ ဘာသာရပ်ဟာ လူတွေရဲ့ အပြုအမူတွေ မှန်မမှန် တရားမျှတမှုရှိမရှိ ကောင်းလား ဆိုးလား စတာတွေကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။ မည်သည့်အခြေအနေ အချိန်အခါမျိုးမှာ အပြုအမူတခုဟာ မှားယွင်းသလဲ? မည်သည့်အပြုအမူမျိုးဟာ တရားမျှတမှုရှိသလဲ? မည်သည့်အပြုအမူမျိုးဟာ အပစ်ပေးသင့်ပြီး မည်သည့်အပြုအမူမျိုးကို ချီးမွမ်းထိုက်သလဲ? စတဲ့ မေးခွန်းတွေဟာ ကျင့်ဝတ်နဲ့ဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဥပမာအားဖြင့် သန္ဒေတားဆေး သုံးဆောင်ပြီး ကိုယ်ဝန်ဖျက်ချတာဟာ မှန်တဲ့အပြုအမူလား? (ဒီနေရာမှာ မှန်လားဆိုတာ ပြုမူထိုက်သလားကို ဆိုလိုခြင်းဖြစ်သည်။) အကြမ်းသမားတယောက် အပစ်မဲ့အရပ်သား အယောက် ၁၀၀- ကို သတ်ဖြတ်ရန်ပြင်နေချိန်မှာ တခြားတယောက်က အရပ်သားအယောက် ၁၀၀-ရဲ့ အသက်ကို ကာကွယ်ရန် အဆိုပါအကြမ်းဖတ်သမားကို သတ်ဖြတ်သည်။ ဒီဟာ လူသတ်လိုက်တဲ့အပြုအမူဖြစ်ပါတယ်။ ဒီလို လူသတ်တဲ့အပြုအမူဟာ မှန်သောအပြုအမူလား? စတာတွေကို Ethics မှာ အသေးစိတ် လေ့လာရပါတယ်။ ဒါ့အပြင် နိုင်ငံရေးဒဿနဗေဒဟာလည့် Ethics ထဲမှာ ပါဝင်နေပါတယ်။

Ethics မှာ ဘာသာရပ် ကျယ်ပြန့်တဲ့အပြင် ၄င်းတို့အထဲမှာမှ ၀ိဝါဒအမျိုးမျိုး ရှိနေသဖြင့် ၄င်းတို့အားလုံးကို ခွဲခြားပြနေရန် မလွယ်ကူပေ။ Ethics မှာ လွတ်လပ်မှု (Freedom)၊ တန်းတူညီမျှမှု(Equality) ၊ တရားမျှတမှု (Justice)၊ အခွင့်အရေး (Rights)၊ တာဝန် (Responsibilities)၊ စတဲ့ နိုင်ငံရေးဒဿနတွေ ပါဝင်နေတာဖြစ်လို့ နောက်ပိုင်း အချိန်ရလျှင် အကြောင်းအရာ တမျိုးချင်းစီကို ဆက်ရေးပါမည်။ တချို့အဖွဲ့တွေက ပျော်ခြင်း (Happiness) ကို အဓိက မဏ္ဍိုင်ပြုပြီး လူတွေကို အပြုအမူကို မှားမှန်ခွဲခြားလေ့လာသည်။ ဒီမှာ ပျော်ခြင်း (Happiness) ကို မဏ္ဍိုင်ပြုအဖွဲ့မှာ အတ္တ၀ါဒ (egoism)၊ အတ္တဆန့်ကျင်ဝါဒ (Altruism)နှင့် အပျော်ရွှင်မှုရဲ့ အရေအတွက် ကိုအများဆုံး မြှင့်တင်ရေးဝါဒ (utilitarianism) ဆိုပြီး သုံးမျိုးထပ်ကွဲနေတာ တွေ့ရပါတယ်။

အတ္တ၀ါဒီတွေအရ လူ့သဘာဝသည် မိမိတို့ စိတ်ပျော်ရွင်ခြင်းကို အများပျော်ရွင်ခြင်းထက် ပိုသိ ပိုခံစားနိုင်သည့်အတွက် မိမိတို့ပျော်ရေးကိုသာ ဦးစားပေးသင့်သည်။ တခြားလူတယောက်ယောက် ဒါမှမဟုတ် အများရဲ့ ခံစားချက်ကို သိနိုင်ရန်ခက်သည့်အလျှောက် အများအတွက် မိမိမှပေးဆပ်သည် ဒုက္ခရမည်ဆိုသည့် အတ္တဆန့်ကျင် ၀ါဒဟာ အဓိပ္ပါယ်မရှိဟု ယုံကြည်ကြသည်။ အတ္တ၀ါဒီနှင့်ဆန့်ကျင်ဘက် ၀ါဒတခုကား အတ္တဆန့်ကျင်ဝါဒ (Altruism) ၀ါဒဖြစ်သည်။ ယင်းဝါဒအရ လူတဦးယောက်ရဲ့ အပြုအမူဟာ အများသူ ကောင်းကျိုးဖြစ်ထွန်းရေး အများသူတို့ ပျော်ရွင်ခြင်းကို ဖြစ်စေလျှင် ထိုအပြုအမူဟာ မှန်သည်ဟု ယူဆကြသည်။ အတ္တ၀ါဒီတွေ များများရှိသည့် လူအတိုင်းအ၀ိုင်းတခုသည် ငြိမ်းချမ်းမှု ပျော်ရွင်မှုမရှိနိုင်သည် ညင်းချက်ထုတ်ကြသည်။

အတ္တ၀ါဒ (egoism)၊ အတ္တဆန့်ကျင်ဝါဒ (Altruism) အစွန်းရောက်နှစ်ခုရဲ့ ကြားမှာ အပျော်ရွှင်မှုရဲ့ အရေအတွက် ကိုအများဆုံး မြှင့်တင်ရေးဝါဒ (utilitarianism) ဆိုပြီး နိုင်မည်ကြီးဝါဒတခု ထွက်ပေါ်လာပါတယ်။ ယင်းဝါဒဟာ အရေအတွက်အများဆုံးအတွက် အကြီးဆုံးပျော်ရွင်ရေး (The Greatest Happiness for the Greatest Number of People) ဆိုတဲ့ သဘောတရားပေါ်တွင် အခြေခံပါသည်။ အထက်မှာဆိုခဲ့သည့်အတိုင် အတ္တ၀ါဒက မိမိတို့ကိုယ်ကျိုးအတွက်သာ ပြုလုပ်ခြင်းသည် မှန်ကန်သည့် အပြုအမူဟုဆိုပြီး အတ္တဆန့်ကျင်ဝါဒက အများအကျိုးအတွက်သာ ပြုလုပ်ရန်တင်ပြ ညင်းဆိုခဲ့ကြသည်။ utilitarianism ကမူ မည်သူဖြစ်စေ အရေးမကြီး၊ အရေးကြီးသည်မှာ အပျော်ရွှင်မှုရဲ့ အရေအတွက် ကိုအများဆုံး မြှင့်တင်ရေး (Happiness Maximization) ဖြစ်သည်ဟု ဆိုပါသည်။ ဥမမာ ပထမအပြုအမူက ထိုအပြုအမူပြုသူအား ပျော်ရွင်မှု ၅ ယူနစ်နှင့် တခြားသူအား ၁၅ ယူနစ်ဖြစ်ပေါ်စေပြီး ဒုတိယအပြုအမူတခုအား ပြုသူအား ၁၀ ယူနစ်နှင့် တခြားသူအား ၈ ယူနစ် ရရှိစေမည်ဆိုပါစို့။ ပထမ အပြုအမူမှာ ပျော်ရွင်မှု စုစုပေါင်း ၂၀ ယူနစ်နှင့် ဒုတိယအပြုအမူမှ ၁၈ ယူနစ်။ ထို့ကြောင့် ပထမအပြုအမူမှာ ပြုသူအတွက် အကြိုးနည်းစေကာမူ အားလုံးခြုံလိုက်လျှင် စုစုပေါင်း ပျော်ရွှင်မှု များသောကြောင့် ပထမအပြုအမူဟာ မှန်သည်ဟု utilitarianism ၀ါဒီတွေက ဆိုကြသည်။

အထက်တွင် ဖေါ်ပြခဲ့သည့် အတ္တ၀ါဒ (egoism)၊ အတ္တဆန့်ကျင်ဝါဒ (Altruism) နှင့် အပျော်ရွှင်မှုရဲ့ အရေအတွက် ကိုအများဆုံး မြှင့်တင်ရေးဝါဒ (utilitarianism) တို့ဟာ ပျော်ရွင်မှုကို အဆုံးရောက်တန်ဖိုး (Intrinsic Value) ရှိသည်ဟုဆိုပြီး မည်သည့် အပြုအမူကိုမဆို ရလဒ်အကျိုးတရားပေါ်တွင် (Consequence) အခြေခံပြီး တိုင်းတာကြသည်။ ယင်းကဲ့သို့ ရလဒ်အကျိုးတရားပေါ်တွင် အခြေခံပြီး အပြုအမူကို မှား/မှန် သုံးသပ်ခြင်းကို လက်မခံသော ၀ါဒများစွာရှိပါသေးသည်။ အီမန်နူယာယ်ကန်း Emmanuel Kant ရဲ့ ကျင့်ဝတ်ဆိုင်ရာ ဒဿနတခုကို ဥပမာအဖြင့် အကျဉ်းချုပ်ဖေါ်ပြပါမည်။

မောင်ဖြူဟာ တောထဲတွင် လမ်းလျှောက်ရင်း ရေတွင်းထဲမှာ ရေနစ်နေတဲ့ လူတယောက်ကို တွေ့တာနဲ့ ကယ်တင်လိုစိတ်ပေါ်လာပါသည်။ အဲဒါနဲ့ အဲဒီရေနစ်နေသူကို ကယ်ဖို့ရာ သူ့လက်ကို လှမ်းယူရန် ကြိုးစားပါတယ်။ ဒါပေမယ့် ရေတွင်းအ၀နားမှာ စိုနေတာကြောင့် မထင်မှတ်ပဲ ခြေချော်သွားတာနဲ့ အဲဒီရေနစ်သူရဲ့ ဦးခေါင်းပေါ်ကို သူ့ခြေထောက်နဲ့ ဆောင့်နင်းမိသဖြင့် နဂိုကမှ မျက်ပင်ဆွဲပြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့လူက တခါတဲ ရေနစ်ပြီးသေဆုံးသွားပါတယ်။ မောင်ဖြူရဲ့ အပြုအမူဟာ မှန်သလား? မောင်ဖြူ လူသတ်မှုကျူးရာ ရောက်ပါသလား?

နောက်ဥပမာတခုပြပါမည်။ မောင်မဲဟာ လူတဦးကိုသတ်ရန် ရည်ရွယ်ချက်ဖြင့် သေနတ်ကိုင်ရင်း ပုန်းကွယ်နေသည်။ သူသတ်မဲ့လူ ရောက်လာချိန်မှာ သူ့သေနတ် ရေဆိုသွားသဖြင့် ပစ်လို့မရပဲဖြစ်နေသည်။ အဲဒီအချိန်မှာ မောင်ဖြူဟာ လမ်းထောက်တနေရာမှာ သူ့သေနတ်ကို ပြင်ဆင်နေရာ မထင်မှတ်ပဲ ကျည်ဆန်ထွက်သွားရာ မောင်မဲပစ်ရန် ကြိုးစားနေသူကို ထိမှန်သဖြစ် အဲဒီလူ သေဆုံးသွားပါတယ်။ မောင်ဖြူဟာ လူသတ်မှု ကျူးလွန်ပြီး အပစ်ရှိသလား? မောင်မဲမှာ အပစ်မရှိဘူးလား?

Utilitarianism အရဆိုလျှင် အထက်ပါ ဥပမာနှစ်ခုမှာ မောင်ဖြူဟာ လူသတ်မှုကျူးလွန်တာကြောင့် မောင်ဖြူရဲ့ အပြုအမူဟာ မှားယွင်းအပစ်ပေးထိုက်သော အပြူအမူ ဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ Utilitarianism အရ ရလဒ်အကျိုးတရား (Consequence)ကိုသာ အခြေပြုပြီး အပြုအမူတခု ကိုမှား/မှန် ဆုံးဖြတ်တာကြောင့်ဖြစ်သည်။ သို့သော် ကန်းဝါဒီတွေက ဒါကို လက်မခံဘူး။ ပထမဥပမာမှာ မောင်ဖြူဟာ ရေနစ်နေသူကို ကယ်သင်ရန် ကောင်းမွန်တဲ့ စိတ်မှန်းချက် (Motive) ရှိပြီး အဆိုပါ ရေနစ်နေသူအပေါ် မကောင်းသောစိတ်ထား လုံးလုံးမရှိပါ။ ထိုသူသေဆုံးရခြင်းမှာလည်း မတော်တဆထိခိုက်မှု သက်သက်သာ ဖြစ်သည်။ ထို့အပြင် လူတို့ဟာ မိမိတို့အပြုအမူရဲ့ ရလဒ် (Consequence) ကို အမြဲတမ်း မထိန်းချုပ်နိုင်ပါ။ ဒါကြောင့် Utilitarianism ရဲ့ ရလဒ်အပေါ် အခြေခံပြီး အပြုအမူတခု မှား/မှန် ပိုင်းခြားတာဟာ အခြေအမြစ် မရှိဟု ငြင်းဆိုသည်။ ကန်းဝါဒီတွေဟာ အပြုအမူတခုကို လေ့လာရာတွင် ရလဒ်အစား စိတ်မှန်းချက် (Motive) ကို အခြေခံပြီး လေ့လာသည်။

အထက်ဖေါ်ပြချက်များသည် Ethics ကျင့်ဝတ်ဆိုင်ရာ ဒဿနပညာ၏ အခြေခံ သဘောတရား များဖြစ်သည်။အချိန်ရလျှင် နောက်ဆက်ပြီးတော့ အခွင့်အရေး (Right)၊ တန်းတူညီမျှမှု (Equality) လွတ်လပ်မှု (Freedom)၊ တရားမျှတမှု (Justice)၊ လူမှုပဋိဥာဏ်သီအိုရီ (Social Contract Theory) အစရှိသည့် နိုင်ငံရေးဒဿနနဲ့ဆိုင်တဲ့ အခြေခံ သဘောတရားတွေကို ဆက်ရေးသွားမှာပါ။ PPE ကျောင်းသားများ အကျယ်တပွင့် လေ့လာထားသင့်သည်။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP