ထိုင်းနိုင်ငံမှာ ၂-လ-ပိုင်းအကုန်လောက်က ကျင်းပခဲ့တဲ့ ၁၄-ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဆီယံကုန်သွယ်ရေးဝန်ကြီးများမှ ဒေသတွင်းနိုင်ငံများ ပူးပေါင်းရေးဖြစ်စဉ် (Regional Integration) တိုးမြှင့်သွားရေး ခြေလှမ်းတရပ်အနေဖြင့် ၂၀၁၅-ခုနှစ်မှာ ဥရောပသမဂ္ဂ စတိုင် ဘုံဈေးကွက်ကို ဖွင့်လှစ်ရန် တင်ပြခဲ့ပြီး ယင်းဘုံဈေးကွက်ပေါ်ပေါက်ရေးကို အထောက်အကူဖြစ်စေမည့် အာဆီယံကုန်သွယ်ရေး သဘောတူချက်(ATIGA) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု သဘောတူချက် (ACIA) တို့လို စာချုပ်တွေကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။ ယင်းကဲ့သို့ ၂၀၁၅-ခုနှစ် နောက်ဆုံးထားပြီး ဥရောပလို စီးပွါးရေးဇုံ ဖွင့်လှစ်ရန် ကြေငြာချက် ထွက်လာသည်နှင့်တပြိုင်နက် ထိုင်း၊ ဗီယက်နမ်၊ လေးရှားနှင့် စကာင်္ပူတို့လို နိုင်ငံများမှ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွါးရေးသမားများနှင့် ပညာရှင်များဟာ ၂၀၀၅-အာဆီယံ ဘုံဈေးကွက်တွင် ၄င်းတို့နိုင်ငံအနေနဲ့ ပေါ်လာမည့်အခွင့်အလမ်းများကို အကျိုးအမြတ်ရှိရှိ အသုံးချနိုင်ရန်နှင့် ကျရောက်လာမည့် အန္တာရာယ်များကို ရှောင်ရှားနိုင်ရန် အသီးသီး ပြင်ဆင်နေကြပြီးဖြစ်သည်။ မိမိတို့ ဗမာပြည်အနေဖြင့် ဘာပြင်ဆင်ချက်များ လုပ်နေပြီးလဲ?
ဒေသတွင်း ကိုးကွယ်သည့်ဘာသာ ကွဲပြားခြင်း (ခရစ်ယျာန် ဗုဒ္ဓဘာသာ နှင့်မွတ်စလင်ဘာသာဝင်)၊ သမိုင်ကြောင်း မတူညီခြင်း (ခြားနားသောနိုင်ငံကြီးတို့ရဲ့ ကိုလိုနီ)၊ ယဉ်ကျေးမှုမတူညီခြင်းနှင့် နိုင်ငံရေးစနစ်ကွဲပြားနေခြင်း (ဒီမိုကရေစီ၊ စစ်အာဏာရှင်၊ ဘုရင်စနစ်၊ ကွန်မြူနစ်) စသည့် နောက်ခံ အခြေအနေတို့ကြောင့် အာဆီယံဟာ အီယူ့ကဲ့သို့ ဘုံဈေးကွက်ဖေါ်ဆောင်ခြင်းဟာ မအောင်မြင်နိုင်ဟု ဝေဖန်သူတို့က စောဒကတတ်ကြသည်။ သို့သော် အာဆီယံရဲ့ ၂၀၁၅ ဘုံဈေးကွက်ဖေါ်ဆောင်ရေးသည် နိုင်ငံရေးအရပေါင်းစည်းခြင်း (Political Integration) မဟုတ်ဘဲ စီးပွါးရေးအရပေါင်းစည်းခြင်း (Economic Integration) သာဖြစ်သဖြင့် အထက်ပါ ကွဲပြားချက်များဟာ ကြီးမားသည့် အတားအစီး မဖြစ်နိုင်ဟု သုံးသပ်မိပါသည်။ ထို့အပြင် ဒေသတွင်းနိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွါးအပေါ် အာရုံစိုက်လွန်းခြင်း တရုတ်နဲ့ အန္ဒိယလို နိုင်ငံကြီးတွေမှာ နိုင်ငံတကာရင်းနှီးမြှုနှံမှု (FDI) တိုးလာသည်ကို မလိုလားခြင်း စတဲ့အခြေအနေတွေဟာလည်း အာဆီယံရဲ့ ဘုံဈေးကွက် ဖေါ်ဆောင်ရေးကို တွန်းအားတခုလို ဖြစ်စေပါသည်။ မည်သို့ဆိုစေ ၂၀၁၅-အာဆီယံဟာ ကြီးမားသော အလှည့်အပြောင်းတခုအဖြစ် မိမိတို့တိုင်းပြည်အပေါ် ရိုက်ခတ်လာမည် ဖြစ်သဖြင့် နိုင်ငံတော်မှာသော်၎င်း၊ ဒီမိုကရေစီ အတိုက်အခံ အင်အားစုမှသော်၎င်း၊ တိုင်းရင်းသား အဖွဲ့အစည်းများမှာသော်၎င်း ၂၀၁၅ မှာဖြစ်ပေါ်လာမည့် အခြေအနေတွေကို ခန့်မှန်းတွက်ဆပြီး လိုအပ်သလို ပြင်ဆင်မှုများ လုပ်ထားနိုင်မှသာလျှင် ယနေ့ခေတ် ဂလိုဘယ်လို့ခေါ်တဲ့ ကမ္ဘာ့အခင့်အကျင်းသစ်မှာ ဆက်လက် ရပ်တည်နိုင်မည်ဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသားပြီး နောက်ပိုင်းမှစပြီး အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုံ(AFTA)၊ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (NAFTA)၊ ဥရောပသမဂ္ဂ (EU) စသဖြင့် ဒေသအလိုက် ဆိုင်ရာနိုင်ငံများမှ စီးပွါးရေးပေါင်းစည်းမှုများ တိုးတတ်လာကြသည်။ ယင်းကဲ့သို့ ဒေသတွင်းနိုင်ငံများ ပူးပေါင်းလာခြင်းကို တွန်းအားပေးနေသော အကြောင်းအရင်းများမှာ နိုင်ငံတော်များမှ ကွန်မြူနစ်စနစ်ပြိုကွဲသွားပြီးနောက်ပိုင်း နိုင်ငံရေးအတွေးခေါ် (Ideology) အပေါ် အာရုံစိုက်မှုနည်းပါးလာခြင်း၊ အမေရိကန်ပြည်ထောင်စု စူပါပါဝါဖြစ်လာခြင်း (၀ါ) အာဏာလက်ဝါးကြီးအုပ်စိုးလာမှုကို ထိန်းချုပ်လိုခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းကြီးတွေအပေါ် ယုံကြည်မှုနည်းပါးလားခြင်း၊ အမျိုးသားအကျိုးစည်းပွါးအပေါ် ပိုမိုအာရုံစိုက်လာခြင်းနှင့် တခါးပိတ်စီးပွါးရေးစနစ် ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ပေသည်။ သဘောတရားအားဖြင့် ဒေသဆိုင်ရာ ပေါင်းစီးခြင်းဖြစ်စဉ် (Regional Integration Process) တွင် လွတ်လပ်သော ကုန်သွယ်ရေးဇုံ (Free trade area)၊ တူညီသော အခွန်ဆောင်မှုစနစ် (Custom Union)၊ ဘုံဈေးကွက် (Common Market)၊ စီးပွါးရေးသမဂ္ဂ (Economic Union) နှင့် နိုင်ငံရေး(Political Union) အဆင့် (၅) ဆင့်ရှိသည်ဖြစ်ရာ ဥရောပသမဂ္ဂဆိုလျှင် ယူရိုဘုံငွေကြေးကိုပင် ချမှတ်သုံးဆွဲနိုင်ပြီး ဖြစ်သဖြင့် ဖြစ်စဉ်ရဲ့ အဆင့် ၄ သို့ပင်ရောက်ရှိနေပြီးဟု ဆိုရမည်ဖြစ်သည်။ အမှန်အားဖြင့် အထက်ဖေါ်ပြပါ တချို့ နိုင်ငံများပေါင်းစည်းအဖွဲ့များသည် ဘုံကာကွယ်ရေးစနစ် (Common Defense System) ကိုပင် စဉ်းစားဆွေးနွေးလာကြပြီး ဖြစ်သည်။ ဤကား လက်တလော မိမိတို့ဖြတ်သန်းနေရတဲ့ နိုင်ငံတကာ အခင်းအကျင်းရဲ့ ၀ိသေတလက္ခဏာများပင် ဖြစ်တော့သည်။
အာဆီယံရဲ့ အနာဂတ်ဖြစ်ပေါ်တိုးတတ်မှု ခန့်မှန်းတွက်ဆနိုင်ရန် လေ့လာသုံးသပ်ရာမှာ အာဆီယံနိုင်ငံအများဟာ နိုင်ငံရေးထက် စီးပွါးရေးတွင် အာရုံစိုက်လွန်းပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကို စိတ်ဝင်စားလေ့ မရှိပေ။ တောက်ရှောက် ကျင့်သုံးလာတဲ့ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေး ၀င်ရောက်မစွတ်ဖက်ရေးမူဝါဒ ဒါမှဟုတ် အပြုသောဆောင် ဆက်ဆံရေးမူဝါဒ (Constructive Engagement Policy) ဟာ အထက်ပါအချက်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြနေပါတယ်။ ဒါ့အပြင် အရှေ့နှင့် အနောက်အုပ်စု အင်အားပြိုင်နေတဲ့ စစ်အေးကာလတလျှောက်မှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်း လက်ရှိ နိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များမှာ နိုင်ငံရေး အယူအဆ သဘောတရားအပေါ် အာရုံမစိုက်ခြင်း (Ideologically Neutral) စသည့် အာဆီယံရဲ့ ထူးခြားတဲ့ လက္ခဏာများကို တွေ့ရပေသည်။ ဥပမာတခုအနေဖြင့် ထိုင်းနိုင်ငံရေးဖြစ်စဉ်ကိုကြည့်ပါ။ လက်ရှိအာဏာရထားတဲ့ ဒီမိုကရက်ဦးဆောင် ညွန့်ပေါင်းအစိုးရဟာ ယခင်ထက်ဆင်ရဲ့ ထိုင်းရက်ထိုင်း အဓိကမဟာမိတ်ဖြစ်တဲ့ နေ၀င်းချင့်ချော့ပ်အုပ်စု မဲပေးထောက်ခံ၍သာ အစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံရေးဖြစ်စဉ်ဟာ အကူးအပြောင်းလွယ်ပြီး တဦးတဖွဲ့တို့၏ အကျိုးစည်းပွါးဟာ အဓိကယူနစ်ဖြစ်သည်ကို တွေ့နိုင်ပေသည်။ ဤကား အာဆီယံရဲ့ ပကတိရုပ်ပုံလွှာဖြစ်သည်။
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဖြစ်ပေါ်ပြောင်းလဲလာမည့် ၂၀၁၅ အာဆီယံရဲ့ အခြေအနေကို ကြိုတင်တွက်ဆနိုင်သည်။ အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတခုခြင်းရဲ့ ပြည်တွင်းရေး အရှုပ်အထွေး ပဋိပက္ခများကို ဆက်လက် လစ်လျူရှုထားပြီး တစုံလုံးရဲ့ စီးပွါးရေးအပေါ် ပိုမိုအာရုံစိုက်လာမည်။ ထိုင်း၊ ဗီယက်နမ်၊ စကာင်္ပူနှင့် မလေးရှားနိုင်ငံတို့ဟာ ကိုယ်ကျိုးစီးပွါးအတွက် ၄င်းတို့ရဲ့ စီမံခန့်ခွဲမှုပညာရပ်၊ အရင်းအနှီး၊ နည်းပညာ စတာတွေကို အစွမ်းကုန် တိုးမြှင့်အသုံးချပြီး ကမ်ဘေားဒီယား လာအိုနှင့် ဗမာပြည်တို့လို နိုင်ငံတွေရဲ့ သယံဇာတနှင့် လုပ်အားများကို အမြတ်ထုတ်မည်။ မိမိတို့လိုနိုင်ငံတွေရဲ့ လက်ရှိစီးပွါးရေငန်း (Informal Business) တွေဟာ စီမံခန့်ခွဲမှုကောင်းခြင်း အရင်းအနှီးပြည့်စုံခြင်း စတဲ့ အင်္ဂါရပ်တွေမရှိဘဲ လက်ရှိစစ်အစိုးရရဲ့ ကြောထောက်နောက်ခံဖြင့်သာ ရပ်တည်နေသဖြင့် အနာဂတ်မှာ နိုင်ငံကျော်ကော်ပိုးရေးရှင်းကြီးများ (MNC) နှင့် မယှဉ်နိုင်ပဲ ပြောက်ကွယ်သွားလိမ့်မည်။ ပြည်ပအရင်းအနှီးနှင့် နည်းပညာ စီးဝင်လာမှုဟာ ပြည်တွင်းအခြေခံ လူတန်းစားတွေအတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး နည်းပညာပိုင်းကို တိုးတတ်လာစေမည်။ (Urbanization) မြို့ပြသို့ ပြောင်းရွှေ့နေထိုင်မှုနှုန်း တိုးတတ်လာခြင်းနှင့်အတူ မိရိုးဖလာလယ်ရာလုပ်ကိုင်မှု နည်းပါးလာပြီး မြိုးပြတွင် လူမှုရေးပြဿနာများ ပိုမိုတိုးပွါးလာမည်။ လွတ်လပ်စွာ လုပ်အားစီးဆင်းမှုနှင့် ပြင်ပငွေလဲနှုန်းကြီးမားမှုကြောင့် ပြည်ပသို့ရွေ့ပြောင်းလုပ်သား ဆက်လက်ရှိနေပြီး မူးယစ်ဆေးဝါးပြဿနာများ ပိုမိုဆိုးလာနိုင်သည်။ ပညာတတ်လူလတ်တန်းစား ကြီးထွားလာခြင်း၊ နိုင်ငံစုံကော်ပိုးရေးရှင်း စီးဝင်လာခြင်း စတာတွေဟာ နိုင်ငံတော်အာဏာကို တနည်းတဖုံ ခြိမ်းခြောက်လာနိုင်ပေသည်။ အာဆီယံရဲ့ ကုန်သွယ်ရေးဇုံ တိုးမြှုင့်လာခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် အတိုင်းအတာတခုအထိ ဖိအားပေးလာနိုင်မည်ဖြစ်သည်။ အချုပ်ဆိုရသော် ၀ရုံးသုံးကား အာဆီယံ ၂၀၁၅ ဟာ ဆိုင်ရာ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တိုင်းကို အကျိုးအမြတ်နှင့် ခြမ်းခြောက်မှုများ တပြိုင်တည်း ဖြစ်ပေါ်နိုင်စေသဖြင့် လာမည့်၂၀၁၅ တွင် ကျရောက်လာမည့် အန္တာရယ်များ တားဆီးရှောင်ရှားနိုင်ရန်နှင့် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို မိမိတို့ပန်းတိုင်ရောက်ရေးအတွက် အသုံးချနိုင်ရန် နည်းဗျူဟာသစ်များ ရှာဖွေကြံဆထားခြင်းဖြင့် ပြင်ဆင်မှုလုပ်ထားသင့်ကြောင်း။
အားပေးခြင်းကို ကျေးဇူးအထူးတင်ပါသည်။ ဝေဖန်အကြံပေးချက်များ ကြိုဆိုပါသည်။
0 comments:
Post a Comment