လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Thursday, April 9, 2009

ကမ္ဘာ့စီးပွါးရေးကျဆင်းမှုပြဿနာရဲ့ အခြေခံအကြောင်းအရင်း

အမေရိကားမှာ 2008 ခုနှစ် စက်တင်ဘာက စတင်ခဲ့သော ကမ္ဘာ့စီးပွါးရေးကျဆင်းမှုပြဿနာဟာ တိုင်းပြည်အတော်များများရှိ စီးပွါးရေးပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ အောက်ခြေလူတန်းစားများ စသည့်အလွှာအမျိုးမျိုးရှိ လူ့အဖွဲ့အစည်းအသီးသီးတို့ကို ဒုက္ခပေးလျှက်ရှိသည်။ ကမ္ဘာ့စီးပွါးရေးနှင့်နိုင်ငံရေးခေါင်းဆောင်တို့သည် G-20 နှင့် Asian Summit ကဲ့သို့သော ထိပ်သည်းအစည်းအဝေးများတွင် စီးပွါးရေးကျဆင်းမှု ပြဿနာများနှင့်ပက်သက်၍ အခြေအတင် ဆွေးနွေးကြပြီး ပြဿနာဖြေရှင်းရေး ချဉ်းကပ်ရာတွင် မတူကွဲပြားသော အမြင်သဘောထားများ ထွက်ပေါ်လာကြသည်။ အမေရိကားလိုနိုင်ငံတချို့မှာ (Fiscal Policy) လို့ခေါ်တဲ့ အစိုးရသုံးငွေ မြှင့်တင်သွားရေးမူကို တင်ပြကြပြီး ဥရောပနိုင်ငံအတော်များများကတော့ (Monetary Policy) လို့ခေါ်တဲ့ ဘဏ္ဍာရေးပြန်လည်ထိန်းငြှိရေးမူဖြင့် ပြဿနာကို ချဉ်းကပ်ဖြေရှင်းသွားရန် လိုလားကြသည်။

ဘာကြောင့် ယခုလို ပြဿနာကို ချဉ်းကပ်ရာမှာ အမြင်တွေ ကွဲလွဲကြသလဲဆိုတာ ပြဿနာ ဖြစ်ပေါ်လာခဲ့ရတဲ့ အခြေခံအကြောင်းအရင်း Sources of Crisis အပေါ်မှာ အမြင်တွေ ကွဲပြားတာကြောင့် ဖြစ်ပါတယ်။ (The Great Depression) ၁၉၃၀ ကမ္ဘာ့စီးပွားရေးကပ်၊ (Oil Crisis) ၁၉၇၃ စီးပွါးရေးကျဆင်းမှုပြဿနာ၊ ၁၉၈၀-လက်တင်အမေရိကရဲ့ အကြွေးပြဿနာ၊ ၁၉၉၇ အာရှစီးပွါးရေးပြဿနာနှင့် ၂၀၀၈-မှစလာတဲ့ ယနေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ မတူညီသောအချိန်အခါနှင့် အခြေအနေအပေါ် မူတည်ပြီးတော့မှ စီးပွါးရေးကျဆင်းရတဲ့ နောက်ခံအကြောင်းအရင်းတွေကလည်း ကွဲပြားကြပါတယ်။ ပြဿာနာကိုဖြေရှင်းရာမှာ ပြဿနာဖြစ်ရတဲ့ အရင်းအမျှစ်သိရန် လိုအပ်သည်။ စီးပွားရေးကျဆင်းမှုဟာ ဗဟိုဘဏ်မှ ငွေကြေးထိန်းငြှိမှုမူဝါဒ (Monetary Policy) ညံ့ဖျင်းမှားယွင်းမှုကြောင့် ဖြစ်နိုင်သလို (Bad Loan or Non-Performing-Loan) လို့ခေါ်တဲ့ ပြန်လည်မအပ်နိုင်သည့်ငွေကြွေးများလာခြင်း၊ အစိုးရငွေမှ ၀ယ်လိုအားကိုနှင့် ရောင်းလိုအားကွာဟမှုကို မထိန်းချုပ်နိုင်ခြင်း၊ ပြည်တွင်းအတိုးနှုန်းနှင့် နိုင်ငံတကာငွေကြေးဈေးကွက်မှ အတိုးနှုန်းကို နိုင်ငံတကာသွင်းကုန်ထုတ်ကုန်နှင့် သဟဇာတဖြစ်အောင် မချမှတ်နိုင်ခြင်း စတဲ့ အကြာင်းအမျိုးမျိုးတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ ၁၉၉၇-အာရှပြဿနာမှ ထိုင်းအတွေ့အကြုံနှင့် လက်တလောပြဿနာ စဖြစ်လာရတဲ့ အမေရိကရဲ့ အတွေ့အကြုံတချို့ကို ကျွနော်သိသလောက် အကျဉ်းချုပ်ဖေါ်ပြလိုပါတယ်။

အာရှစီးပွါးရေးပြဿနာမှ ထိုင်းနိုင်ငံအတွေ့အကြုံ

အာရှစီးပွါးရေးကျဆင်းမှုပြဿနာဟာ ထိုင်းနိုင်ငံမှစတင်ခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ အထိနာခဲ့ရတဲ့ အဓိက အကြောင်းအရင်းဟာ ဘဏ္ဍာရေးမူဝါဒ (Monetary Policy) ကို မှန်ကန်အောင် မချမှတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၁၉၈၀ အနှောင်းပိုင်းမှ ၁၉၉၇ ကပ်ကာလမတိုင်မီကာအထိ အာရှကျားလို့တင်စားခံရတဲ့ မလေရှား၊ အင်ဒိုနီးရှား၊ စကာင်္ပူ၊ တောင်ကိုးရီးရားနှင့် ထိုင်းနိုင်ငံတို့အတွက် စီးပွါးရေးရွှေခေတ်ဟု ဆိုရလောက်အောင် ၄င်းတို့၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တိုးတတ်မှုနှုန်းဟာ ၈-ရာခိုင်နှုန်း မှ ၁၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ အရှေ့အာရှရဲ့ စီးပွါးရေးတိုးတတ်မှုဟာ အဓိကအားဖြင့် နိုင်ငံတကာမှ အရင်းအနှီးများဖြင့် ပြည်တွင်းထုတ်ကုန်တိုးမြှင့်ပြီး နိုင်ငံတကာသို့ထုတ်ကုန် တင်ပို့ခြင်းပေါ်တွင် မှီတည်သော စီးပွါးရေးစနစ်ဖြစ်သည်။

နောက်ခံစီးပွါးရေးအခြေအနေ

၁၉၈၅ နှင့် ၁၉၉၆ ကာလအကြားတလျှောက် ထိုင်းနိုင်ငံဟာ စုစုပေါင်းထုတ်ကုန်တိုးတတ်မှုနှုန်း (GDP Growth Rate) ပျမ်းမျှ ၉-ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အကြီးပေါ်မှာ စီးပွားရေးတို့တတ်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ဒေသတွင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အများဆုံးရှိသော နိုင်ငံဖြစ်သည်။ အဲဒီကာလတလျှောက်မှာ ထိုင်းဟာ နိုင်ငံတကာငွေကြေးဈေးကွက်မှာ ၄င်းရဲ့ငွေလဲနှုန်းကို အမေရိကန်တဒေါ်လာကို ၂၅-ဘတ်နဲ့ (Fixed) အသေသတ်မှတ်ထားပြီး ငွေကြေးဈေးကွက်ကိုတော့ ဖွင့်ထားပါတယ်။ အဲဒီလို ငွေကြေးမူဝါဒ ကျင့်သုံးခြင်းဟာ အန္တရာယ်များပြီး ဗဟိုဘဏ်မှ ထိရောက်သော ကွပ်ကဲမှု မရှိမဖြစ် လိုအပ်ပါတယ်။ တချိန်ထဲမှာဘဲ နိုင်ငံခြားအရင်းအနှီး ပိုမိုစီးဝင်အောင်ဆိုပြီး ထိုင်းဗဟိုဘဏ်ဟာ ပြည်တွင်းအတိုးနှုန်းကို အထိမြှင့်ထားပါတယ်။ ငွေကြေးတန်ဖိုးအသေသတ်မှတ်စနစ် (Fixed Exchange Rate System) ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် လုံခြုံမှုရှိစေပြီး အတိုးနှုန်းမြင့်မားခြင်းဖြင့် ၄င်းတို့အတွက် ပိုမိုအမြတ်ထွက်စေပါတယ်။ ဒီအခြေအနေနှစ်ခုဟာ ထိုင်းနိုင်ငံတွင်းသို့ ပြည်ပအရင်းအနှီးများ ပမာဏကြီးမားစွာ ၀င်လာခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တခုက ထိုင်းဟာ နိုင်ငံခြားငွေမှ ငွေချေးရာမှာ (Short Term) ၃-လ ဒါမှမဟုတ် ၆-လ စာချုပ်နဲ့ (Bong System) ချေးပြီး ပြည်တွင်းမှာ ရင်းနှီးရာမှာ (Long Term) ဆောက်လုပ်ရေးကဲ့သို့ ရေရှည်စီမံကိန်းမှာ ရင်းနှီးပါတယ်။ ဒီအခြေအနေဟာလဲ တော်တော် အန္တာရာယ်များပါတယ်။

စီးပွါးရေးပြဿနာစပြီး

ဒီလိုအနေအထားမှာ ထိုင်းဘတ်ဟာ တဒေါ်လာ ၂၅-ဘတ်နဲ့ တရားဝင် သတ်မှတ်ထားသော်လည်း တကယ့်ဘတ်ငွေ တန်ဖိုးဟာ ဒီလောက်တန်ဖိုးမရှိပါ။ ဒီအခြေအနေကို ဂျော့ဆောရော့လို နိုင်ငံခြားမြှုနှံသူတချို့က နားလည်ပြီး ထိုင်းဘတ်ကို တိုက်ခိုက်လာပါတယ်။ ထိုင်းအစိုးရလည်း ၄င်းရဲ့ငွေလဲနှုန်းကို ဈေးကွက်မှတန်ဖိုးသတ်မှတ်ခြင်း (Floating Exchange Rate System) စနစ်သို့ကျင့်သုံးရန် နိုင်ငံတကာဖိအားပေးမှု ခံလာရပါတယ်။ ၁၉၉၇ ဂျွန်-၃၀ မှာ ၀န်ကြီးချုပ် ချာဝလစ်မှာ ထိုင်းရဲ့ငွေကြေးကို (devalue) တန်ဖိုးမချနိုင်ကြောင်း ကြေငြာပါတယ်။ နိုင်ငံခြားရင်းနှီးသူများဟာ အခြေအနေစိုးရိမ်လာပြီး ၄င်းတို့ရဲ့ချေးငွေများပြန်ထုတ်ရာ နိုင်ငံခြားချေးငွေများကို နှစ်ရှည်ပရောဂျတ်များမှာ ရင်းနှီးထားတာကြောင့် ချေးငွေများကို ပြန်ဆပ်ရန် ပြဿနာနဲ့ကြုံလာရပါတယ်။ ဒီအချိန်မှာဘဲ ထိုင်းအစိုးရဟာ ၄င်းရဲ့ငွေကြေးကို မထိန်းနိုင်တဲ့အဆုံး ဖွင့်ချလိုက်တာနဲ့ ဘတ်ငွေဟာ ၂၅-ဘတ်တဒေါ်လာမှ ဒေါ်လာကို ၅၀-ဘတ်အထိ ထိုးကျသွားပါတယ်။ ဒေါ်လာချေးထားတဲ့ ထိုင်းကုမ္ပဏီကြီးများဟာ ချေးငွေကို နှစ်ဆပြန်ဆပ်ရတော့သည့် အခြေအနေနဲ့ကြုံရပြီး ထိုင်းဘဏ်များဟာလဲ ဒေ၀ါလီခံရတော့တယ်။ ရင်းနှီးမြှုပ်နှံမှု ရုတ်တရက် ရပ်သွားတာကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်ရပြီး အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာပါတယ်။ တဖက်မှာ ထိုင်းဘတ်တန်ဖိုးကျဆင်းသွားတာကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာပြီး အောက်ခြေလူတန်းစားများ စားဝတ်နေရေးပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။ ဒါဟာထိုင်းနိုင်ငံရဲ့ အတွေ့အကြုံ အကျဉ်းဖြစ်ပါတယ်။
ဆက်လက်ရေးသားပါမည်။

အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဝေဖန်ချက်လေးလဲ ပေးခဲ့ပါဦး။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP