လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, March 11, 2009

၆၂- ကြိမ်မြောက်မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်


မွန်ပြည်သစ်ပါတီ ဗဟို

မျိုချစ်ပြည်သူအပေါင်းတို့၊ မွန်ပြည်သစ်ပါတီရဲဘော်အပေါင်းတို့ -

၁၉၄၆ခုနှစ် ပင ညီလာခံ၊ ၁၉၄၇ခုနှစ်ရွာလွတ်ညီလာခံတို့၏ ဆုံးဖြတ်ချက်အရ ဟံသာဝတီမွန်ပြည်ထူထောင်သောနေ့ (တပို့တွဲလဆုတ် ၁ ရက်နေ့)ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယခုအခါ အနှစ်ပေါင်း (၆၀)ကျော်လာခဲ့ပါပြီ ဖြစ်သည်။ မွန်အမျိုးသားနေ့သည် ယခုအခါ ပြည်တွင်းပြည်ပ မွန်အမျိုးသားထုတရပ်လုံး၏ နေ့ထူးနေ့မြတ်ကြီး တရက်ဖြစ်လာခဲ့ပါပြီ။ မွန်အမျိုးသားထု၏ နှလုံးသည်းပွတ်ဝယ် နှစ်ပေါင်း(၂၅၀)ကျော် ကိုယ်ပိုင်ပြဌာန်းခွင့်မဲ့နေသော ဘဝမှ ဇာတိသွေးဇာတိမာန် ပြန်လည်ပြည့်ဖြိုးလာကာ ကိုယ့်အမျိုးသားအတွက် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ချင်စိတ်များ ပြန်လည်မွေးဖွာလာစေသော အထိမ်းအမှတ်နေ့ရက်လည်း ဖြစ်ပါသည်။

ဤမျိုးချစ်စိတ်ဓါတ်ကို မှန်ကန်သော အမျိုးသားရေး စိတ်ဓါတ်အဖြစ် အသွင်ပြောင်းယူကာ ယနေ့မွန်အမျိုးသားထု၏ လက်ငင်း ရင်ဆိုင်နေရသော နိုင်ငံရေး၊ လူမှုရေး ပြဿနာများ ဖြေးရှင်ရာတွင် အားမာန်အဖြစ် အသုံးပြုရမည် ဖြစ်ပါသည်။ အမျိုးသားလွတ်မြောက် လှုပ်ရှားမှု ကာလသည် ကြာရှည်လာသည်နှင့်အမျှ အချို့သော ရေစုန်မှာလှေကြုံလိုက်သူတို့သည် စွန့်ကြဲပေးကမ်းလာသမျှ အမျိုးသားအခွင့်အရေးတို့ဖြင့် တင်းတိမ်ရောင့်ရဲချင် လာကြပြီး၊ အချို့မှာ အမျိုးသားနိုင်ငံ(ယူနစ်)သည် အနာဂတ်တွင် မရှိတော့သယောင် စဉ်းစားလာမှုများ ရှိလာကြသည်။ ဤသည်မှာ လွဲမှားသော စဉ်းစားချက်ဖြစ်ပါသည်။ လွန်ခဲ့သည့် (၂၀၀၈) ခုနှစ် အတွင်းမှာပင် နိုင်ငံအချို့၌ ပဒေသရာဇ်တော်လှန်ရေး အောင်ပွဲရခဲ့ကြပြီး၊ အချို့မှာ နိုင်ငံအသစ်အဖြစ် ထူထောင်လိုက်နိုင်ခြင်းများ ရှိသည်ကို တွေ့နိုင်ပါသည်။

ထို့ကြောင့် “အောင်ပွဲသည် တိုက်ရဲသူအတွက်သာ” ဟူသော ဆောင်ပုဒ်အတိုင်း မိမိရည်မှန်းချက် လုပ်ဆောင်ချက်များကို ဦးတည်ချက် မသွေဖီဘဲ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ကာ အဆင့်တိုင်း၌ တထစ်ချင်း မြင့်တက်လာသော လုပ်ငန်းစဉ်များဖြင့်၊ ရှေ့ဆက်သွားရန် လိုအပ်ပါသည်။ မွန်ပြည်သစ်ပါတီ အနေဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အလေးထားပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဖြင့်၊ ပြဿနာများ ဖြေရှင်းရန် တစိုက်မတ်မတ် တောင်းဆိုရပ်တည်လာခဲ့ပါသည်။ အရေးပါသော ကာယကံရှင်အဖွဲ့အစည်းများ အပြည့်အစုံမပါဝင်ဘဲနှင့်ချမှတ်ခဲ့သောဆုံးဖြတ်ချက်များသည် အမျိုးသားပြန်လည်သင်မြတ်ရေးအတွက် အကျိုးပေးနိုင်မည်မ ဟုတ်ပါ။ အမျိုးသားညီညွတ်ရေးသည် တိုင်းပြည် အေးချမ်းသာယာတိုးတက်ရေးအတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည် ပြီးဆုံးသွားသည့်အဆင့်တခု မဟုတ်ဘဲ မည်မျှသေးငယ်သော သဘောတူညီချက် ဖြစ်ပါစေရရှိရန် တွေ့ဆုံဆွေးနွေးကြဖို့ အရေကြီးပါသည်။

မျိုးချစ်မွန်ပြည်သူအပေါင်းတို့၊ မွန်ပြည်သစ်ပါတီရဲဘော်အပေါင်းတို့-

ယနေ့ အခြေအနေတွင် တော်လှန်ရေး၊ နိုင်ငံရေး အနေအထားများကိုသာမက စီးပွါးရေး၊ လူမှုရေး၊ ပြောင်းလဲမှုများကိုလည်း မျက်ခြေမပြတ်ရန် လိုအပ်ပါသည်။ မွန်အမျိုးသားဒေသအတွင်း လူမျိုးစု၊ လူဦးရေ အနေအထား ပြောင်းလဲမှုများအပေါ် အခြေခံ၍ ဖြစ်ပေါ်လာမည့် ဂယက်များ၊ အရှေ့တောင်အရှနိုင်ငံများအတွင်း ကြိုးပမ်းအကောင်ထည် ဖေါ်လျက်ရှိသော စီးပွါးရေးဇုံ၊ ဖွံဖြိုးရေးဇုံများအပေါ် လာမည့်အကျိုးသက်ရောက်မှုများကို သတိကြီးကြီးထား၍ တုံ့ပြန်ဆောင်ရွက်ရန် လိုမည်ဖြစ်ပါသည်။ အမျိုးသားရေး သတိကြီးမားစွာ ရှိရန်လိုသလို ဖြစ်ထွန်းပေါ်ပေါက်လာမည့် စီးပွါးရေး၊ ဖွံဖြိုးရေး အခွင့်အလမ်းများ ရယူနိုင်စွမ်းရှိရန်လည်း လိုအပ်လျက် ရှိပါသည်။

အချုပ်အားဖြင့် အမျိုးသားနေ့ထူးနေ့မြတ် အခါသမယတွင် မွန်ပြည်သစ်ပါတီသည် ပါတီစုံဒီမိုကရေစီထွန်းကာရေးနှင့် အခွင့်အာဏာရှိသော မွန်ပြည်ပေါ်ထွန်းရေး အရေးတော်ပုံကြီးအတွက် ဘဝတူ မဟာမိတ်များနှင့်အတူ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုတရပ်ဖြင့် ဆက်လက် တိုက်ပွဲဝင် ကြိုးပမ်းသွားမည်ဖြစ်ပြီး မျိုးချစ်မွန်ပြည်သူအပေါင်မှလည်း ကျရာကဏ္ဍ ရောက်ရာ အဆင့်များမှ ဝိုင်းဝန်းပံ့ပိုး ပါဝင်လုပ်ဆောင်သွားကြပါရန် နှိုးဆော် တိုက်တွန်း ပန်ကြားအပ်ပါသည်။

မွန်တမျိုးသားလုံး သွေးစည်းကြ

စစ်မှန်သော ပြည်ထောင်စု တည်ထောင်ကြ

မွန်တို့ကံကြမ္မာ မွန်တို့ဖန်တီးနိုင်ရမည်

  • ၁၃၇၀- ခုနှစ် တပို့တွဲလပြည့်ကျော်(၁)ရက်
  • ၂၀၀၉- ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်

  • ဗဟိုအလုပ်အမှုဆောင်ကော်မတီ

    မွန်ပြည်သစ်ပါတီ

    0 comments:

      © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

    Back to TOP